By Voice Of Westland (VOW)/ 2022 February 05
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်မောင်းနှင်မှုများကို ဖေဖော်ဝါရီလ ၇ ရက်နေ့ကစပြီး ဖမ်းဆီးအရေးယူသွားတော့မည်ဟု တောင်ကုတ်မြို့ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်ခင်မောင်ဆန်းက VOW ကိုပြောသည်။
“ကျွန်တော်တို့ လာမယ့်ဖော်ဖော်ဝါရီ ၇ ရက်နေ့ပြီ ဖမ်းဆီးပြီး တရားရုံးကိုတင်မယ်။ ဒါကိုစလုပ်ပြီဆိုတာနဲ့ အမြဲတမ်းလုပ်သွားမှာဖြစ်ပါတယ်” ဟု ရဲအုပ် ခင်မောင်ဆန်းကပြောသည်။
ယခုလ ဖေဖော်ဝါရီ ၄ ရက်နေ့ကတင်ပြီး တောင်ကုတ်မြို့ပေါ်ရပ်ကွက်များသို့ပတ်ကာ ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး ဆိုင်ကယ်မောင်းနှင်ရန် အသိပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သူကပြောသည်။
“ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ မြို့ပတ်ပြီးတော့ ကျွန်တော်တို့ ဆိုင်ကယ်စီးသူတိုင်း ဦးထုပ်ဆောင်းဖို့ လော်စပီကာနဲ့ လေးရက်တိုင်တိုင် အသိပေးနှိုးဆော်ခဲ့တယ်။သောကြာနေ့မှာတော့ ပညာပေးလုပ်ငန်း တွေစလုပ်တယ်။”ဟု ရဲအုပ်ခင်မောင်ဆန်းက ပြောသည်။
တောင်ကုတ်မြို့တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကစပြီး ဆိုင်ကယ်မတော်တဆဖြစ်၍ လူသေမှုနှစ်ခုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုများလည်း ရှိခဲ့ကြောင်းသူကပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ တောင်ကုတ်မြို့ခံတစ်ဦးဖြစ်သည့် ကိုဇော်ကလည်း ယခုလို စည်းကမ်းသတ်မှတ်လိုက်ခြင်းမှာ ကောင်းမွန်သည့်လုပ်ရပ်ဖြစ်ကြောင်း ပြောသည်။
“ဒီလိုလုပ်တာ ကောင်းတယ်လို့မြင်တယ်။ မြို့ကလည်း လူဦးရေများလာတယ်။ နောက်ပြီးတော့ ဆိုင်ကယ်တွေကလည်း အဆမတန်များပြားလာတယ်။ များပြားလာပြီးတော့ စည်းကမ်းတကျမရှိဘူး။ တချို့ဆို မီးပွိုင့်ကျော်မောင်းတယ်။ မီးနီရင် ရပ်ရမယ်။ စိမ်းရင်ဖြတ်ရမယ်ဆိုတာတွေမသိကြတာပေါ့။ နောက်တစ်ခုက ဆိုင်ကယ်ခဏခဏ မှောက်တာတွေရှိတယ်။ ကိုယ့်ဟာကိုယ်လဲတယ်။ ကားကိုဝင်တိုက်တယ်။ သေဆုံးတာတွေ ခဏခဏရှိနေတယ်” ဟု တောင်ကုတ်မြို့ခံတစ်ဦးဖြစ်သည့် ကိုဇော်က VOW ကိုပြောသည်။
ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်မောင်းနှင်သူများကို ဖမ်းဆီးပြီး တရားရုံတင်ရာတွင်၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်ဥပဒေပုဒ်မ ၇၆(ဂ)အရ သုံးသောင်းကျပ်ထက်မပိုသော ဒဏ်ငွေကိုပေးဆောင်ရလေ့ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်ထဲက မြို့နယ်အများအပြားတွင် ယာဉ်စည်းကမ်းဆိုင်ရာ အသိပညာပေးမှုများကို ရက်တိုသာပြုလုပ်ပြီး နောက်ပိုင်းတွင် ဆက်လက်ပြုလုပ်ခြင်းများ မရှိသည်ကိုလည်း တွေ့ရသည်။