တောင်ကုတ်က လူနေအိမ်များအနီးဆောက်လုပ်နေသည့် စက်သုံးဆီဆိုင်နေရာရွှေ့ပြောင်းပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တိုင်ကြားစာတင်

By  Voice Of Westland (VOW)/ 2022 February 09

အဉ္ဇနခင်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကိုင်းရှည်ရပ်ကွက်ရှိ အာလိန်ငါးဆင့်ဘုရားအနီး လူနေအိမ်များကြားတွင်ဆောက်လုပ်ေနသည့် မိဘဂုဏ်စက်သုံးဆီဆိုင်ကို နေရာရွှေ့ပြောင်းပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တိုင်ကြားစာပေးပို့ခဲ့သည်ဟု ဆီဆိုင်ဆောက်လုပ်သည့်ကို ဦးဆောင်ကန့်ကွက်ဆန္ဒပြခဲ့သူ ကိုသက်နိုင်က VOW ကိုပြောသည်။

အဆိုပါဆီဆိုင်ကို အမြန်ဆုံးပြောင်းရွှေ့ပေးရန် တောင်ကုတ်မြို့ခံ ၇ ဦးကလက်မှတ်ရေးထိုးပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် တိုင်ကြားစာပေးပို့ခဲ့ခြင်းဖြစ်ကြောင်းသူက ပြောသည်။

 “ဒီဆီဆိုင်ကိုလူနေရပ်ကွက်ထဲက နေရာရွှေ့ပေးဖို့ မနေ့ကစာတင်ထားတယ်။နေပြည်တော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊နောက်ပြီးတော့ ဥပဒေရေးရာနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးတွေကို စာပေးပို့ထားတယ်” ဟု ကိုသက်နိုင်က ပြောသည်။

အဆိုပါ မိဘဂုဏ်စက်သုံးဆီဆိုင်ဆောက်လုပ်ခွင့် တောင်းခံချက်ကို ကန့်ကွက်စရာမရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းကလက်မှတ်ရေးထိုး၍ ပြည်ထောင်စု သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က စာပေးပို့တင်ပြခဲ့ကြောင်းလည်းသိရသည်။

ယခုဆောက်လုပ်နေသည့် ဆီဆိုင်အား လူနေအိမ်နှင့် ဝေးသည့်နေရာတွင်ပြောင်းရွှေ့ပေးရန် အဓိကထား၍ တောင်းဆိုခြင်းဖြစ်ကြောင်း ကိုသက်နိုင်က ပြောသည်။

“အဓိကကတော့ ဒီဆီဆိုင်ကို လူနေရပ်ကွက်နဲ့မနီးတဲ့နေရာကို ပြောင်းရွှေ့ပေးပါလို့ ကျွန်တော်တို့ တောင်းဆိုတယ်”ဟု VOW ကိုပြောသည်။

တောင်ကုတ်မြို့တွင် ၂၀၁၂ ခုနှစ်က မြို့မစျေးကြီးအနီးရှိ စက်သုံးဆီဆိုင်မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြို့မမြို့ဖနှင့် သက်ဆိုင်ရာတို့က မီးဘေးကြိုတင်ကာကွယ်ရေးကော်မတီဖွဲ့ကာ မြို့ပေါ်တွင် စက်သုံးဆီဆိုင်မဆောက်လုပ်ရန်၊စက်သုံးဆီမသိုလှောင်ရန် ညွှန်ကြားသတ်မှတ်ခဲ့ကြသည်ဟု ဆိုသည်။

ယင်းသို့ သတ်မှတ်ထားသည့်ကြားက အဆိုပါမိဘဂုဏ် ၃ စက်သုံးဆီဆိုင်ကို ဦးထွန်းကြွယ်ဆိုသူက ဆောက်လုပ်နေသောကြောင့် ၂၀၂၁ ခုနှစ်  အောက်တိုဘာလက တောင်ကုတ်ဒေသခံတစ်ရာကျော်က မြို့နယ်၊ခရိုင်နှင့် ပြည်နယ်အဆင့်အုပ်ချုပ်ရေးဌာနများသို့ လက်မှတ်ရေးထိုးကန့်ကွက်စာ ပေးပို့ခဲ့ကြောင်း ကိုသက်နိုင်ကပြောသည်။

ယင်းနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင်လည်း မီးဘေးအန္တရာယ်ကြောင့်ရပ်ကွက်နေပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်နိုင်သည်ဟုဆိုကာ တောင်ကုတ်မြို့ခံ (၅ဝ)ကျော်က ကန့်ကွက်ဆန္ဒပြခဲ့ကြလည်း ဆီဆိုင်ကိုဆက်လက်ဆောက်လုပ်နေသည့်အတွက်ကြောင့် ယခုကဲ့သို့ တိုင်ကြားစာပေးပို့ရခြင်းဖြစ်သည်ဟု ကိုသက်နိုင်က ဆက်လက်ပြောသည်။

https://www.facebook.com/VOW2ppl/posts/147434784342574

Leave a Reply

Your email address will not be published.