ဆရာပွင့်သစ် (တမန်းသား)၏ “လက်ပံပွင့်ချိန်နှင့် သုတရသစာစုများ”စာအုပ်ထွက်ရှိ

By Narinjara / 2022 February 14

မင်းအဂ္ဂ

ဆရာပွင့်သစ်(တမန်းသား)၏ “လက်ပံပွင့်ချိန်နှင့် သုတရသစာစုများ”စာအုပ်သည် ရခိုင်တွင် ယခုလအတွင်း ထွက်ရှိလာသည်။

အဆိုပါစာအုပ်တွင် “လက်ပံပွင့်ချိန်”ဆောင်းပါးအပါအဝင် သုတရသဆောင်းပါး ၃၁ ပုဒ်ပါရှိပြီး ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ထွက်ရှိလာခြင်းဖြစ်သည်။

ဆရာပွင့်သစ် (တမန်းသား)က “ဒီစာအုပ်ထုတ်ဝေရတာက စာဖတ်သူတွေအတွက် တစ်ထောင့်တစ်နေရာကနေ အကျိုးဖြစ်ထွန်းစေလိုတဲ့ ရည်ရွယ်ချက်ပါ။ ရခိုင်အငွေ့အသက်တွေနဲ့ ပြည့်နေတဲ့ ရသစာအုပ်တွေ ဖတ်ချင်သူတွေအတွက် ဒီစာအုပ်ဟာ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်”ဟု ပြောသည်။

ဆရာပွင့်သစ် (တမန်းသား)သည် သန်းလှိုင် (စစ်တွေ)အမည်ဖြင့် သတင်းရေးသားနေသည့် သတင်းထောက်တစ်ဦးလည်းဖြစ်သည်။

ယင်းကြောင့် သူ၏စာအုပ်တွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေသည့် လူမှုရေး၊ စီးပွားရေးအနုပညာ၊ ယဉ်ကျေးမှုအကြောင်းအရာမျိုးစုံကို သတင်းအချက်အလက်များနှင့် ရသများကို ပေါင်းစပ်ချယ်မှုန်းတင်ပြထားသည်ကို တွေ့ရသည်။

ဆရာပွင့်သစ် (တမန်းသား)၏ ဆရာရင်းလည်းဖြစ်၊ ဝါရင့်သတင်းစာဆရာနှင့် စာရေးဆရာလည်းဖြစ်သည့် ဆရာကျွန်းသားငမန်း၏အမှာစာတွင် “စာရေးဆရာ သန်းလှိုင်သည် သတင်းစာသမားတစ်ဦး ဖြစ်သည်နှင့်အညီ သူ၏တွေးမြင်မှုများမှာလည်း သတင်းသမား၏အတွေးများ လွှမ်းမိုးနေသည်ကို တွေ့ထိရသည်။ သူ၏အတွေး၊ အမြင်၊ အယူအဆများကို ရေးသားတင်ပြရာတွင် ရိုးရိုးစင်းစင်းတင်ပြခြင်းမဟုတ်ဘဲ သုတနှင့်ရသရောစပ်ကာ အနုပညာမြောက်စွာ ရေးသားလိုက်သောအခါ ဖတ်ချင်စဖွယ်စာတန်း(အက်ဆေး)များဖြစ်ပေါ်လာသည်”ဟု ရေးသားထားသည်။

ထိုစာအုပ်ကို ရိုးမတိုင်း(မ်)မီဒီယာက ထုတ်ဝေခြင်းဖြစ်ပြီး စစ်တွေရှိ အေးမိသားစုပုံနှိပ်တိုက်တွင် ပုံနှိပ်ထားသည်။

အုပ်ရေ ၁ ထောင်ရိုက်နှိပ်ထားပြီး တစ်အုပ်လျှင် ကျပ် ၃ ထောင်ဖြင့် ရခိုင်ရှိ စာအုပ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။

ထိုစာအုပ်မိတ်ဆက်ပွဲအခမ်းအနားကိုလည်း ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်က စစ်တွေရှိ အောင်မြေကုန်းဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ရာ စာပေသမားများ၊ သတင်းမီဒီယာသမားများနှင့် စာပေချစ်သူများ တက်ရောက်အားပေးခဲ့ကြသည်။

https://www.facebook.com/narinjara.info/posts/5213465225332179

Leave a Reply

Your email address will not be published.