စည်းကမ်းမဲ့အမှိုက်ပစ်ခြင်းကြောင့် ပတ်ဝန်းကျင်ထိခိုက်လာ၍ဟုဆိုကာ စစ်တွေ အထက (၃)ရှေ့ရှိ စျေးအား နေရာပြောင်းရွှေ့တော့မည်ဟုဆို

By Narinjara / 2022 February 19

သဥ္ဇာနွယ်

ဓာတ်ပုံ – သဥ္ဇာနွယ်၊ ထက်အောင် / နိရ ဉ္စရာ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ လမ်းမတော်မြောက်ရပ်ကွက် စစ်တွေအထက(၃)ကျောင်းရှေ့ရှိ ချတောပါရာစျေးကို ရွှေပြားရပ်ကွက်သို့ ပြောင်းရွှေ့တော့မည်ဟု အဆိုပါစျေးတာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးစောဝင်းနိုင်က နိရဥ္စရာကို ပြောသည်။

“စျေးမှာ အဲ့နားက ရွာတွေအကုန်လုံးက အမှိိုက်လာပစ်ကြတယ်။ စျေးကလူတွေကလည်း ပစ်ကြတယ်။ ဒီစျေးကိုရွှေ့ဖို့ ကျောင်းဆရာတွေလည်း တိုင်တယ်။ ဘာလို့လဲဆိုတော့ ကျောင်းရှေ့မှာစျေးရှိနေတော့ အမှိိုက်တွေကထွက်တဲ့အနံံံ့အသက်တွေကိုမခံနိုင်လို့ ကျောင်းသားတွေအတွက် ကြာလာရင် အန္တရာယ်ရှိနိုင်တယ်”ဟု ပြောသည်။

အဆိုပါစျေးတွင် စည်းကမ်းမဲ့အမှိုက်များစွန့်ပစ်ကြသည့်အတွက် အနံ့အသက်များဆိုးဝါးပြီး စျေးအနီးရှိ ဘုန်းတော်ကြီးကျောင်းအချို့ရှိ ရဟန်းသံဃာတော်များနှင့် အထက(၃)တွင် ပညာသင်ကြားနေသော ကျောင်းသူ/ကျောင်းသားများအတွက် ကျန်းမာရေးထိခိုက်လာနိုင်ခြင်းကြောင့် ယခုကဲ့သို့ပြောင်းရွှေ့ရန်စီစဉ်ရခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

အဆိုပါစျေးကို ရွှေပြားရပ်ကွက်၊ ကမ်းနားလမ်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင်မြေ ၁ ဒသမ ဝ၁ ဧကသို့ လာမည့် မေလအတွင်းပြောင်းရွေ့ရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ညွှန်ကြားထားပြီဟုလည်း စျေးသူ၊ စျေးသားများက ပြောသည်။

ကုန်စုံဆိုင်ရောင်းသူ ကိုသိန်းစောမောင်က “အမှိုက်ပစ်မယ်ဆိုရင် စည်းကမ်းလုပ်ပေးရမယ်။ စည်ပင်ကားတွေလည်းလာပေးရမယ်။ ပြီးတော့ စျေးကိုပြောင်းလိုက်ရင် မိုးတွင်းမှာဆိုရင် ပိုပြီးအခက်ခဲရှိနိုင်တယ်။ အသစ်ပြောင်းမယ့် စျေးမှာလည်း ဆိုင်ခန်းတွေဝယ်ရတယ်။ ဒီစျေးမှာက ဆင်းရဲသူ ဆင်းရဲသားတွေရောင်းချကြတာများတယ်။ တချို့ဆိုရင် မဝယ်နိုင်ဘူး”ဟု ပြောသည်။

လက်ရှိတွင် အသစ်ပြောင်းရွှေ့ရမည့်စျေးမြေနေရာ၌ စျေးဆိုင်ခန်းပေါင်း ၃ဝဝ ခန့်ကို ဆောက်လုပ်လျက်ရှိပြီး စျေးသူစျေးသားများအနေဖြင့် ဆိုင်ခန်းတစ်ခန်းလျှင် ငွေကျပ် ၁၅ သိန်းမှ ၁၈ သိန်းကြား ပေးဝယ်ရမည်ဟု မြို့နယ်စည်ပင်က ထုတ်ပြန်ထားသည်။

ငါးရောင်းနေသူ ဒေါ်ကောက်စီက “ကျမတို့စျေးရောင်းလာတာ နှစ်ပေါင်း ၄၀ နီးပါးရှိတော့မယ်။ စျေးကိုလုံးဝမပြောင်းစေချင်ဘူး။ သူတို့ဝယ်ခိုင်းတဲ့ စျေးဆိုင်ခန်းတွေလည်း ပိုက်ဆံမတတ်နိုင်တော့မဝယ်နိုင်ဘူး” ဟု ပြောသည်။

လက်ရှိရောင်းချနေသည့် ချတောပါရာစျေးတွင် အိမ်ဆိုင်အပါအဝင် စျေးဆိုင်ခန်းပေါင်း ၁၅၀ ခန့်ရှိသည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/5229810347031000

Leave a Reply

Your email address will not be published.