စစ်ဘေးရှောင်စခန်းများအတွင်း ရေရှားပါးမှုပြဿနာအား ဖြေရှင်းပေးရန် လိုအပ်နေ

By Western News/ 2022 February 20

ရခိုင်တွင် နှစ်စဉ်နွေရာသီရောက်တိုင်း နေရာဒေသတစ်ချို့၌ ရေရှားပါးမှုပြဿနာဖြင့်ကြုံတွေ့ရတတ်ပြီး ထိုအထဲတွင် လူအများစုပုံနေထိုင်သည့် စစ်ဘေးရှောင်စခန်းများတွင် ၎င်းပြဿနာအား ပိုမိုကြုံတွေ့ကြရသည်။

လက်ရှိ နွေရာသီအစပိုင်းခန့်သာရှိသေးသော်လည်း ကျောက်တော်မြို့နယ်ရှိ လူဦးရေ ၄၀၀၀ ကျော်ရှိသည့် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ရေရှားပါးမှုနှင့် ရေမသန့်ရှင်းမှုပြဿနာများအား ကြုံနေရပြီဖြစ်ပြီး မသန့်ရှင်းသည့်ရေအား သောက်သုံးရမှုတို့ကြောင့် ဝမ်းရောဂါများဖြစ်ပွားမှုတို့ရှိခဲ့သည်။

ရသေ့တောင်မြို့နယ် စေတီပြင်စစ်ဘေးရှောင်စခန်းတွင်လည်း လင်ရှိအသုံးပြုလျှက်ရှိသည့်ရေကန်မှာ ရေခမ်းစပြုလာပြီဖြစ်ပြီး ယခင်နှစ်များတွင်လည်း တစ်ခြားနေရာများမှ ရေသယ်ယူရသည်ဟု စစ်ဘေးရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးနေဝင်းထွန်း ကပြောသည်။

“ကျနော်တို့စခန်းလည်း ရေရှားပါးတဲ့ပြဿနာနဲ့ နှစ်တိုင်းကြုံရပါတယ်။ အခုလည်း အသုံးပြုနေတဲ့ ရေကန်ကရေခမ်းစပြုလာပြီ။ အရင်နှစ်တွေတုန်းကလည်း ရေခမ်းလို့တစ်ခြားနေရာတွေကနေ ရေတွေ သယ်ယူရတယ်။ ရေရှားလာရင်တော့ ရတဲ့နေရာကနေ ရေသယ်ရတာဆိုတော့ ရေသန့်ရှင်းမှုအပိုင်းကတော့ သိပ်မရှိဘူး” ဟုပြောသည်။

အိမ်ထောင်စု ၃၀၀ နီးပါးခန့်ရှိသည့် မြောက်ဦးမြို့မြတန်ဆောင်း စစ်ဘေးရှောင်စခန်းတွင်လည်း အသုံးပြုနေသည့်  စခန်းဘေးမှာရေကန်မှာ နွေရာသီရောက်လျှင် ရေခမ်းခြောက်တတ်ပြီး သုံးရေမှာဖြစ်သလိုအသုံးပြု၍ ရသော်လည်း သောက်ရေအတွက်မူ နှစ်စဉ်အခက်ခဲဖြစ်ရသည်ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။

နွေရာသီရောက်လျှင် လက်ရှိစစ်ရှောင်စခန်းအားလုံး၏ ၈၀ ရာခိုင်နှုန်းခန့်မှာ ရေရှားပါးမှုပြဿနာဖြင့် ကြုံရတတ်ပြီး ရေတိုနည်းလမ်းများဖြင့်သာဖြေရှင်းလေ့ရှိတတ်သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ၏ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောသည်။

“နွေရာသီရောက်ရင် ရေရှားပါးမှုပြဿနာကနှစ်တိုင်းကြုံရတယ်။ ရှိတဲ့ စစ်ဘေးရှောင်စခန်းရဲ့ ၈၀ ရာခိုင်နှုန်းလောက်က အဲ့ပြဿနာကြုံကြရတယ်။ အရေအတွက်အားဖြင့်ဆိုရင် စခန်း ၁၄၀ ကျော်လောက်ပေါ့။ အများဆုံးကြုံရတဲ့ စခန်းတွေကတော့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး စတဲ့မြို့နယ်တွေက စခန်းတွေ ရေပြဿနာကြုံကြရတယ်။ ဒီပြဿနာကို လတ်တလောအဆင်ပြေနိုင်မယ့် နည်းတွေ ဥပမာ ကားတွေနဲ့တစ်ခြားနေရာတွေက သယ်ယူပေးတာမျိုးတွေလုပ်ကြတယ် ” ဟုပြောသည်။

စခန်းများအတွင်း ရေရှားပါးမှုပြဿနာအား ရေတိုအဆင်ပြေနိုင်မည့်နည်းထက် ရေရှည်တွင် အဆင်ပြေနိုင်မည့်နည်းများဖြစ်သည့် ရေလှောင်ကန်များအားစနစ်တကျပြုလုပ်ထားခြင်း၊ တစ်ချို့ရေချိုရင်းမြစ်ရှိသည့် မြစ်ရေများကို စနစ်တကျသိုလှောင်ဖြန့်ဖြူးခြင်းနှင့် စမ်းရေများကို ရေလှောင်ကန်ငယ်များပြုလုပ်ကာ ထိန်းသိမ်းပြီး ရေရှည်တွင်အဆင်ပြေစေရန်ပြုလုပ်ပေးရန်လိုအပ်သည်ဟု ကိုဇော်ဇော်ထွန်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်မှာ မိုးများသည့်ဒေသတစ်ခုဖြစ်ပြီး နှစ်စဉ်မိုးရေချိန် လက်မ ၈၀ မှ ၁၀၀ ကြားရွာသွန်းတတ်သော်လည်း ရေသိုလှောင်မှုများ စနစ်တကျမရှိခြင်းကြောင်း မြို့နယ်တိုင်းနီးပါးတွင် နှစ်စဉ်နွေရာသီ၌ ရေရှားပါးမှုပြဿနာအားကြုံနေရဆဲဖြစ်ပြီး လက်ရှိ စစ်ကောင်စီအပြင် အစိုးရအဆက်ဆက်မှလည်း ၎င်းပြဿနာအားဖြေရှင်းပေးနိုင်ခြင်းမရှိသေးပေ။

https://www.facebook.com/westernnewsagency/posts/469024594904050

Leave a Reply

Your email address will not be published.