စစ်တွေမြို့လယ်ချောင်းရှိ အမှိုက်များကိုရှင်းလင်းပေးရန်လိုအပ်နေ

By Development Media Group (DMG)/ 2022 February 19

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့ရှိ ကုလားချောင်း(ခေါ်)မြို့လယ်ချောင်းတွင် အမှိုက်နှင့်အညစ်အကြေးတို့ပြည့်လျှံနေမှုကြောင့် အနံ့အသက်ဆိုးတို့ကို မြို့သူ၊မြို့သားတို့ကခံစားနေရသည့်အတွက် ချောင်းအတွင်းမှအမှိုက်များကို သက်ဆိုင်ရာစည်ပင်မှ ရှင်းလင်းပေးရန် လိုလားနေကြသည်။

အဆိုပါချောင်းတလျှောက်နှင့် အနီးအနားတစ်ဝိုက်တွင် အမှိုက်သရိုက်များဖြင့်ရှပ်ပွနေမှုကြောင့် ချောင်းအနီးနေထိုင်သည့်ပြည်သူတို့မှာ အနံ့အသက်ဆိုးများကိုရှုရှိုက်နေရပြီး ကျန်းမာရေးထိခိုက်မှုရှိနေကြောင်း စစ်တွေမြို့၊ မိဇံရပ်ကွက်မှ ဒေါ်ခင်သန်းဝေက DMG ကိုပြောသည်။

“ချောင်းရေစီးရေလာမကောင်းတဲ့အတွက်ကြောင့် အနံ့အသက်လည်းမကောင်း။ ကျန်းမာရေးကိုထိခိုက်တယ်။ စားရသောက်ရတဲ့နေရာမှာလည်း အနံ့အသက်မကောင်းတဲ့အတွက်ကြောင့် နေရထိုင်ရတာတွေလည်း အဆင်မပြေ။ အဲဒါကြောင့် ပတ်ဝန်းကျင်မှာနေတဲ့လူထူအနေနဲ့ အင်မတန်နေရခက်တယ်။ ဒါကြောင့် သက်ဆိုင်ရာဌာနတွေကို အကောင်းဆုံး၊ အတတ်နိုင်ဆုံး အမှိုက်သရိုက်တွေကို ရှင်းလင်းပေးဖို့လိုတယ်”ဟု ဒေါ်ခင်သန်းဝေကပြောသည်။

ထိုသို့ မြို့လယ်ချောင်းအတွင်း အမှိုက်များစုပုံနေခြင်းမှာ မြို့ခံလူတချို့က စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း၊ အမှိုက်ကောက်သည့်လူတချို့က အမှိုက်အိတ်တို့ကိုဖွင့်ကာ ရှာဖွေမှုတို့ကြောင့် အမှိုက်များရှုပ်ထွေးပြန့်ကြဲခြင်းဖြစ်ရသည်ဟု မြို့့ခံများကပြောသည်။

“အတတ်နိုင်ဆုံး ဒီနားမှာ အမှိုက်တွေကိုမပစ်စေချင်ဘူး။ ရပ်ကွက်တိုင်းလိုလို လာပစ်ကြတယ်။ လူတွေက အမှိုက်တွေကို နီးစပ်ရာနေရာပစ်လိုက်ကြတယ်။ တစ်ချို့ အမှိုက်ကောက်တဲ့လူတွေလည်း အမှိုက်အိတ်တွေကိုဖြုတ်တယ်။ ရှာတယ်၊ ဖွင့်ထားခဲ့တယ်။ စည်ပင်ကလည်းလာပြီး အမှိုက်တွေကို တတ်နိုင်သမျှလာသိမ်းတာတော့ရှိတယ်။ ဒါပေမယ့် အနံအသက်တွေဆိုးတာကိုတော့မခံနိုင်ဘူး”ဟု စစ်တွေမြို့၊ ရူပမြောက်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက DMG ကိုပြောသည်။

အဆိုပါမြို့လယ်ချောင်းသည် အမှိုက်သရိုက်တို့နှင့်ညစ်ပတ်နေသည်မှာ နှစ်ပေါင်းများစွာကြာမြင့်လာပြီးဖြစ်ကာ ခေတ်အဆက်အဆက်အစိုးရတို့က ငွေကျပ်သိန်းပေါင်းများစွာ အကုန်အကျခံတူးဖော်ခဲ့သော်လည်း ထိရောက်ခြင်းမရှိဟု မြို့ခံတို့ကဆိုသည်။

“ကုလားချောင်းကို အဖျားကနေအဆုံးထိ သန့်ရှင်းလှပသာယာရေး၊ အညစ်အကြေးတွေကင်းစင်ရေးအတွက် ထိရောက်တဲ့အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး လုပ်ဆောင်သင့်တယ်။ အဲဒီအဖွဲ့မှာ မြို့နယ်ကပါမယ်။ ခရိုင်ကပါမယ်။ မြို့လူထုကလည်း စိတ်ဝင်စားတဲ့လူတွေကိုထည့်မယ်ပေါ့။ ဒီလူတွေကချက်ချင်းကွင်းဆင်းပြီး ဘယ်နားကပိတ်နေတာလဲ။ ဘယ်နားကိုမြေအနက်တူးရမှာလဲ။ ဘယ်နေရာကိုမြေဖို့မယ်ဆိုတာတွေကို တိတိကျကျတိုင်းတာပြီး လုပ်မှရတော့မယ်”ဟု စစ်တွေမြို့မိမြို့ဖ ဥက္ကဋ္ဌ ဦးမောင်သာစိန်ကဆိုသည်။

မြို့လယ်ချောင်းတွင် အမှိုက်များပိတ်ဆို့နေမှုကြောင့် မိုးရာသီရောက်သည်နှင့် မြို့လယ်ရပ်ကွက်များမှာ ရေမြုပ်သည့်ဒဏ်ကိုခံရကြောင်းလည်း မြို့ခံတို့ကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက အဆိုပါချောင်းကို သန့်ရှင်းမှုရှိစေရေးအတွက် မိုးရာသီမရောက်မီအချိန်အတွင်း လိုအပ်သည့်နေရာတို့ကို တူးဖော်မှုများပြုလုပ်သွားမည်ဟု DMG ကို ပြောသည်။

ဦးသန်းထွန်းက “မြို့လယ်ချောင်းကို မိုးရာသီမရောက်မီမှာ လိုအပ်တဲ့နေရာတွေမှာ အမှိုက်ဆယ်ယူတာတွေ၊ မြောင်းတူးတာတွေကို လုပ်သွားမယ့်အစီအစဉ်ရှိတယ်။ လိုအပ်တဲ့နေရာဆိုတာကတော့ စည်ပင်စတဲ့အဖွဲ့တွေနဲ့ ရေဝပ်တဲ့နေရာ၊ ရေအသွားအလာခက်ခဲတာ၊ ဘယ်နေရာမှာ နှုန်းတင်တဲ့နေရာတွေ အဲဒီလိုကြည့်ရှုပြီးတော့ တူးဖော်ပေးသွားမှာဖြစ်တယ်”ဟု ပြောသည်။

မြို့လယ်ချောင်းသည် စစ်တွေမြို့ပေါ်ရပ်ကွက်များကို ဖြတ်သန်း စီးဆင်းလျက်ရှိပြီး လက်ရှိတွင် အမှိုက်သရိုက်များ၊ နှုန်းမြေများဖြင့် ပိတ်ဆို့နေမှုကြောင့် ချောင်းမှာလည်း တဖြည်းဖြည်းတိမ်ကော လာနေသည်။

https://www.facebook.com/dmgnewsagency/posts/2228859493933116

Leave a Reply

Your email address will not be published.