စစ်တွေမြို့တည် ၁၉၆ နှစ်မြောက်အထိမ်းအမှတ် မီးထွန်းပွဲတော်ကျင်းပ

By Narinjara / 2022 February 05

မြထွီးသျှင်

ဓာတ်ပုံ – ထက်အောင်၊ မြထွီးသျှင် / နိရ ဉ္စရာ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကိုတည်ခဲ့သည့် ၁၉၆ နှစ်မြောက်အထိမ်းအမှတ် မီးထွန်း ပွဲတော်ကို စစ်တွေရှိ မိဇံရပ်ကွက်တွင် ယနေ့ ညနေက ကျင်းပခဲ့ကြသည်။

အဆိုပါမီးထွန်းပွဲတော်ကို ယနေ့ ဖေဖော်ဝါရီလ ၅ ရက် ညနေ ၆ နာရီတွင် စစ်တွေရှိ သာကီမဏ္ဍိုင်ရခိုင့်ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

လာမည့် ၄ နှစ်အကြာ ၂ဝ၂၆ ခုနှစ်တွင် စစ်တွေမြို့ကိုတည်သည့် နှစ်ပေါင်း ၂ဝဝ ပြည့်မြောက်မည်ဖြစ်သည့်အတွက် နှစ် ၂ဝဝ ပြည့်အထိမ်းအမှတ်ပွဲကိုလည်း စည်စည်ကားကားလုပ်စေလို၍ ယခုကပင်နှိုးဆော်လိုသည့်ရည်ရွယ်ချက်ဖြင့် ယခုပွဲကိုပြုလုပ်ရခြင်းဖြစ်သည်ဟု ပွဲစီစဉ်သူများက ပြောသည်။

ယင်းသို့ပြုလုပ်ရာတွင် စစ်တွေမြို့ကိုစတင်တည်ခဲ့သည့် မိဇံရွာရှင်မနတ်ကွန်းသို့ မိဇံကမ်းနားလမ်းမှနေ၍ သာကီမဏ္ဍိုင်စည်တော်ဝိုင်းဖြင့် သွားရောက်ကာ ဆီမီးများဖြင့်ပူဇော်ခဲ့ကြသည်။

အဆိုပါမီးထွန်းပွဲကို စစ်တွေမြို့ခံပြည်သူ ၃၀၀ ကျော်က လာရောက် ဆင်နွှဲခဲ့ကြသည်။

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေကို ရခိုင်သက္ကရာဇ် ၁၁၈၇ ခု တပို့တွဲလဆန်း ၅ ရက်၊ ခရစ်သက္ကရာဇ် ၁၈၂၆ ခု ဇန်နဝါရီလ ၁၂ ရက်နေ့တွင် Akyab အမည်ဖြင့် စတင်တည်ခဲ့သည်ဟု ရခိုင်သမိုင်းများအရ သိရသည်။

အင်္ဂလိပ်မြို့ဝန် ပတ္တင် (Paton)နှင့် ဒေသျှိတ် (Dickenson)တို့နှင့် ရခိုင် ခေါင်းဆောင်များဖြစ်ကြသော မင်းသားကြီးရွှေဘန်း၊ ဒေးဝန်းကြီး အောင်ကျော်ရွှီနှင့် မြို့သူကြီးအောင်ကျော်ဇံတို့က တည်ထောင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

အင်္ဂလိပ်တို့က ရခိုင်ပြည်ကို ၁၈၂၄-ခုနှစ်တွင် သိမ်းပိုက်ခဲ့ပြီး ယခင်မြို့တော်ဟောင်း မြောက်ဦးမြို့သည် အုပ်ချုပ်ရေးအတွက် အဆင်မပြေသဖြင့် တံငါရွာအဆင့်ရှိ ယခုနေရာသို့ ပြောင်းရွှေ့ပြီး စစ်တွေမြို့ကို တည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပိုက်ဆိပ် (မိဇံ) အဆင့်မှ စတင်တည်ထောင်ခဲ့သော စစ်တွေမြို့သည် ယခုအခါ ရပ်ကွက်ပေါင်း ၃၃ ရပ်ကွက်အထိရှိလာပြီဖြစ်သည်။

စစ်တွေမြို့သည် ရခိုင်တို့၏ဂုဏ်ဆောင် ရိုးရာယဉ်ကျေးမှုဓလေ့များကို မပျောက်ပျက်အောင် ဖော်ထုတ်ထိန်းသိမ်းနေသည့် မြို့အဖြစ်လည်း ထင်ရှားနေဆဲဖြစ်သည်။

https://www.facebook.com/narinjara.info/posts/5186255691386466

Leave a Reply

Your email address will not be published.