By Narinjara / 2022 February 17
ချစ်အိလှိုင်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို သောက်သုံးရေပေးဝေနေသည့် ကန်တော်ကြီးတွင် ငါးဖမ်းပိုက်ချသူများနှင့် ခွေး၊ နွားတိရစ္ဆာန်များ ဝင်ရောက်နေမှုကို တာဝန်ရှိသူများက တားမြစ်ပေးရန်လိုသည်ဟု မြို့ခံများက ပြောသည်။
စစ်တွေမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝေစိန်အောင်က “အကာအရံလိုနေတာကို လူတိုင်းပြောကြတယ်။ အကာအရံမရှိတဲ့အတွက် ခွေးတွေ ရေဝင်သောက်တာတွေ၊ မစင်စွန့်တာတွေရှိတယ်။ အဲဒါတွေက စည်ပင်ကလုပ်ရမှာ။ အဲဒါမှ ရေကသန့်ရှင်းမယ်” ဟုပြောသည်။
အဆိုပါကန်တော်ကြီးတွင် ငါးဖမ်းပိုက်ချသူများ၊ ရေကန်အတွင်း ကျွဲ၊ နွား၊ ခွေး တိရစ္ဆာန်များဝင်ရောက်မှုများရှိလာနေပြီး ရေထဲတွင် အသက်အန္တရာယ်ဖြစ်စေသည့်ပစ္စည်းများ၊ မစင်များဝင်ရောက်မှုမရှိစေရန် လုပ်ဆောင်သင့်ကြောင်း ဒေသခံများက ဆိုသည်။
ကန်တော်ကြီးသို့ နိရဥ္စရာသတငျးဌာနက ယနေ့နံနက်တွင် သွားရောက်ကြည့်ရှုခဲ့စဉ် ငါးဖမ်းပိုက်ချနေသူများ၊ နွားစားကျက်မြေအဖြစ်အသုံးပြုနေသူများနှင့် မြေတူးယူနေသူအချို့ကို ရေကန်ထဲတွင်တွေ့ရှိခဲ့ရသဖြင့် ဘေးပတ်ဝန်းကျင်ရှိ လူများအား မေးမြန်းရာ ရေကန်ကို မဝင်ရသည့်နေရာ ကန့်သတ်ထားခြင်းမရှိကြောင်း သိရသည်။
ရေကန်အနီးရှိ ရဲကင်းစခန်းတစ်ခုမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက “ကျွန်တော်တို့က ရေကန်ကိုစောင့်ရတာမဟုတ်ပါဘူး။ ငါးဖမ်းပိုက်ချနေတဲ့လူတွေကိုလည်း ကျွန်တော်တို့အနေနဲ့ ပြောခွင့်မရှိပါဘူး” ဟု နိရဥ္စရာက မေးမြန်းစုံစမ်းစဉ်က ပြောသည်။
အဆိုပါကန်တော်ကြီးအတွင်းအပြင်တို့တွင်ပေါက်ရောက်နေသည့် ခြံနွယ်များကိုအခွင့်ကောင်းယူကာ မူးယစ်ဆေးဝါးများသုံးစွဲသူများနှင့် သမီးရည်းစားစုံတွဲများလည်း သွားရောက်နေကြပြီး အမှိုက်သရိုက်များကို စည်းကမ်းမဲ့စွန့်ပစ်နေကြမှုမှာ မသင့်တော်ဟုလည်း မြို့ခံများက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်နှင်းနှင်းရီအားဆက်သွယ်ရာ စစ်တွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်စိုးအား ဆက်သွယ်ပါဟု ပြောသည်။
ဆက်လက်၍ ဒေါ်ခင်ခင်စိုးအား အကြိမ်ကြိမ်ဆက်သွယ်ခဲ့ရာ ဖုန်းမကိုင်သဖြင့် ၎င်း၏ သဘောထားကို တင်ပြနိုင်ခြင်းမရှိခဲ့ပါ။
လက်ရှိတွင် အဆိုပါကန်တော်ကြီးမှရေများကို မြို့ပေါ်ရပ်ကွက်အများအပြားကို ဖြန့်ဝေပေးလျက်ရှိသည်ဟု သိရသည်။
အဆိုပါကန်တော်ကြီးကို လွန်ခဲ့သည့် ၁၉ဝ၆ ခုနှစ်တွင် စတင်တူးဖောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နှစ်ပေါင်း ၁ဝဝ ကျော်ကြာမြင့်နေပြီဟု သိရသည်။
https://www.facebook.com/narinjara.info/posts/5223006404378061