By Narinjara / 2022 February 08
ချစ်အိလှိုင်၊ သဥ္ဇာနွယ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မင်းဂံရပ်ကွက် အကွက်(၈)ဈေးရှိ ဆိုင်ခန်း ၂ဝ ခန့်သည် မင်းဂံနယ်မြေမီးသတ်စခန်းပိုင်မြေတွင် ဆောက်လုပ်ထားသည်ဟုဆိုကာ ယခုလအတွင်း နေရာမှဖယ်ရှားပေးရန် ဖိအားပေးခံနေရသည်ဟု သိရသည်။
အဆိုပါစျေးဆိုင်ခန်းများသည် မင်းဂံနယ်မြေမီးသတ်စခန်းပိုင်ဆိုင်သော မြေဧရိယာ ၁ ဒသမ ၄၅ ဧကပေါ်တွင် ကျူးကျော်ဆောက်လုပ်သော အိမ်နေရာ၊ ဈေးဆိုင်ခန်းများဖြစ်သည်ဟုဆိုကာ ဖေဖော်ရီလ လကုန်ရက်အထိ နောက်ဆုံးထား၍ဖြိုဖျက်ပေးကြရန် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် စစ်တွေမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လင်းက လက်မှတ်ရေးထိုးထားသည့်စာကို ဈေးသူဈေးသားများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆိုင်ခန်းများမှာ မင်းဂံအကွက်(၈)စျေးစတင်တည်ဆောက်ခဲ့ချိန်မှစတင်ပြီး အခကြေးငွေများဖြင့် ဝယ်ယူရောင်းချနေခြင်းဖြစ်သည့်အတွက် ဖယ်ရှားမပေးလိုဟု ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။
အကယ်၍ အတင်းအဓမ္မဖယ်ရှားခံရမည်ဆိုပါက ၄င်းတို့တွင် မြေနေရာအခက်အခဲဖြစ်ပြီး စားဝတ်နေရေးအခက်အခဲများဖြစ်လာမည်ဟုလည်း စျေးဆိုင်သည်တစ်ဦးဖြစ်သူ ဒေါ်ဦးဆန်းနုက နိရဥ္စရာကို ပြောသည်။
“ကျမတို့ဒီဈေးမှာရောင်းနေတာ ၁၇ နှစ်ကျော်ပြီ။ ယောက်ျားကလည်း မရှိတော့ဘူး။ သားသမီးနှစ်ယောက်နဲ့။ မိသားစုတွေရဲ့စားဝတ်နေရေးအတွက် ဒီဆိုင်ခန်းနဲ့ပဲရုန်းကန်နေရတာလေ။ ဒီဆိုင်ခန်းသာဖြိုသွားရင် တအားအခက်ခဲရှိတယ်။ ဖြိုမဲ့ဟာကိုမလိုလားဘူး”ဟု ပြောသည်။
ဖယ်ရှားခံရမည့်ဆိုင်ခန်းအရေအတွက်မှာ ၁၆ ခန်းရှိပြီး အထည်ဆိုင်၊ အိုးခွက်ပုကန်ဆိုင်၊ ဖိနပ်ဆိုင်၊ ဟင်းသီးဟင်းရွက်ဆိုင်နှင့် သားငါးတန်းတို့ပါဝင်ကြောင်း သိရသည်။
သတ်မှတ်ချိန်အတွင်း ဖယ်ရှားမပေးပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု စစ်တွေမြို့နယ် မြို့နယ်မီးသတ်ဦးစီးမှူးကျော်လင်းက နိရဥ္စရာကိုပြောသည်။
“သူတို့ဖာသာသူတို့ မဖယ်ဘဲ ကျွန်တော်တို့ကလည်း ဥပဒေအတိုင်းလုပ်လာရင် ဆိုင်ခန်းတွေဖြိုမှာတွေဖြစ်သွားရင် မကောင်းလို့ သူတို့ကို ညှိနှိုင်းနေတယ်။ ပါသလောက်ဖယ်ပေးဖို့ကိုပေါ့။ မဖယ်ရင်တော့ ဥပဒေအတိုင်းသွားရတော့မှာပေါ့”ဟု ပြောသည်။
ယခုကဲ့သို့ စျေးဆိုင်ခန်းအများအပြားကိုဖယ်ရှားလိုက်မည်ဆိုလျှင် အနီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများအတွက် အခက်အခဲဖြစ်စေမည်ဟုလည်း ဈေးအနီးတွင် သီတင်းသုံးနေထိုင်နေသော ဆရာတော်ဦးဇာဂရက မိန့်သည်။
“ဖြိုမယ်ဆိုရင် အစားထိုးနေရာဖြစ်ဖြစ် ပေးသင့်ပါတယ်”ဟု မိန့်သည်။
မင်းဂံအကွက်(၈)စျေးကို ရပ်မိရပ်ဖများ၊ စျေးသူ၊ စျေးသားများက ပြီးခဲ့သည့်နှစ်ပေါင်း ၃ဝ ခန့်က ကိုယ်ထူကိုယ်ထတည်ဆောက်ထားကြခြင်းဖြစ်ပြီး လက်ရှိတွင် စျေးဆိုင်ခန်းပေါင်း ၃ဝ ခန့်ရှိသည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/5194922380519797