By Voice Of Westland (VOW)/ 2022 February 10
ခိုင်သဇင်
လူဦးရေအထူထပ်ဆုံးမြို့ဖြစ်သည့် ရခိုင်ပြည်နယ်ထဲက မြို့တော်စစ်တွေမှာ ပိုင်ရှင်မဲ့လမ်းဘေးခွေးလေခွေးလွင့်များအတွက် ခွေးစာပိုက် Dogs Food Box အခု ၃၀ ကျော် စစ်တွေမြို့ရှိ နေရာအများအပြားတွင် Silver Heart Animals Rescue Sittwe လူငယ်အဖွဲ့က တပ်ဆင်နေကြောင်း သိရသည်။
“စစ်တွေတစ်မြို့လုံးအနေအထားနဲ့အခု၃၀လောက်တပ်ဆင်ဖို့ရည်ရွယ်ထားပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီ၇ရက်၊တနဂ်နွေနေ့ကတော့၁၀ခုနီးပါးတပ်ထားပြီးပါပြီ။တချို့
လမ်းဘေးတွေမှာအစာပြတ်လပ်နေတဲ့ခွေးတွေအများကြီးရှိသလို အမှိုက်ပုံဘေးတွေမှာဖြစ်သလိုအစာရှာစားသောက်နေကြတာတွေမြင်တွေ့ရတယ်။အဲဒါကြောင့်ကျွန်တော်တို့ခွေးချစ်သူတွေစုပြီး အစာပြတ်လပ်နေတဲ့ခွေးတွေအတွက်အလိုက်သင့်စားလို့ရအောင်လို့တပ်ဆင်ဖြစ်ကြတာပါ” ဟု Silver Heart Animals Rescue Sittwe လူငယ်အဖွဲ့မှ ယာယီတာဝန်ခံ ကိုသူရိန်လင်းက VOWကို ပြောသည်။
ခွေးစာကျွေးမွေးရာတွင် အစာစိုနှင့်အစာခြောက်ဟူ၍ နှစ်မျိုးကိုခွဲ၍ကျွေးရပြီး အစာစိုတွင်ထမင်းနှင့်ကြက်သားများရောချက်၍ လမ်းကြားများမပါဘဲ မြို့တွင်းမြို့ပြင်ပေါင်းပြီး အစာထုပ်ရေ၃၀၀ကျော်နီးပါးကို ကျွေးနေကြောင်းနှင့် အသင့်ထုပ်အစာခြောက်များကို Dogs Food Box များတွင်ထည့်ကာ တစ်ပတ်တစ်ခါကျွေးမွေးမည်ဖြစ်ကြောင်း သူကပြောသည်။
စစ်တွေမြို့တွင် နှစ်စဉ်နှစ်တိုင်း သြဂုတ်လတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့တော်တွင်လူဦးရေထူထပ်လာမှုကြောင့် ပိုင်ရှင်မဲ့လမ်းဘေးခွေးများကြောင့် Accident ဖြစ်စေမှုများအားလျှော့ချနိုင်ရန်နှင့် ၊တော်သလင်းလရာသီများတွင် ခွေးရူးပြန်ရောဂါများဖြစ်ပွားမှုကြောင့် လူအများအန္တရာယ်မဖြစ်စေရန် အစာအဆိပ်ချကျွေးပြီး သုတ်သင်ရှင်းလင်းမှုများပြုလုပ်နေသည်ကို တွေမြင်ရသည်။
ယင်းကဲ့သို့ပြုလုပ်မှုများရှိသောကြောင့် စစ်တွေမြို့တွင် ပိုင်ရှင်မဲ့ခွေးလေခွေးလွင့်များအတွက် ကုသထိန်းသိမ်းရေးဂေဟာတစ်ခုတည်ထောင်ရန်ကြိုးပမ်းနေကြောင်း Silver Heart Animals Rescue Sittwe မှယာယီတာဝန်ခံ ဒေါ်ခင်ညိုညိုက ပြောသည်။
“မနာမကျန်းဖြစ်တဲ့ခွေးတွေနဲ့ မတော်တဆထိခိုက်ဒဏ်ရာရခွေးတွေကို ခွေးဆရာဝန်တွေနဲ့ကုသပြီးကျွေးမွေးပြုစုသွားမယ်။ သူတို့ကျန်းမာလာရင်တော့ သူ့နေရာသူပြန်လွတ်ပေးသွားမယ်ပေါ့။ အဓိကကငွေအင်အားနဲ့မြေကိစ္စအခက်အခဲဖြစ်နေတာကြောင့် ကြန့်ကြာနေပါတယ်။ မြေနေရာအလျားအနံ40’×80’လောက်ဆိုလည်းအဆင်ပြေပါတယ်။ ခေတ်အတိုင်းအတာနဲ့ မြေကွက်ဝယ်နိုင်လောက်တဲ့စေတနာရှင်များရဲ့ပံ့ပိုးမှုသာရမယ်ဆိုရင် ခွေးဂေဟာကိုအမြန်ဆုံးအကောင်အထည်ဖော်ဖြစ်မှာပါ” ဟု ပြောသည်။
ခွေးများအားမသတ်ရန်နှင့် ခွေးလေခွေးလွင့်များ ပြန့်ပွားမှုမရှိအောင် ဆရာဝန်များနှင့်တိုင်ပင်ပြီး သန္ဓေတားဆေးနှင့် ကာကွယ်ဆေးများထိုးပေးသွားဖို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စည်ပင်သာယာရေးအဖွဲ့အားစာတင်ထားကြောင်း သိရသည်။
စစ်တွေမြို့တွင် ပိုင်ရှင်မဲ့လမ်းဘေးခွေးများ တမြို့လုံးနီးပါးအတိုင်းအတာဖြင့် ခန့်မှန်းခြေအကောင်ရေ ၃၀၀ နှင့် ၅၀၀ နီးပါးခန့် ရှိမည်ဖြစ်ကြောင်း Silver Heart Animals Rescue Sittwe မှယာယီတာဝန်ခံ ဒေါ်ခင်ညိုညို၏ ပြောပြချက်အရ သိရသည်။