စစ်တပ်မှ စခန်းချနေထိုင်ခဲ့သည့် မင်းပြား မင်းဖူးတောင်တွင် မိုင်းပေါက်ကွဲ၍ အရပ်သားတစ်ဦး သေဆုံး

By Western News/ 2022 February 10

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်လောက်မှစ၍ မြန်မာစစ်တပ်က စခန်းချနေထိုင်ခဲ့သည့် မင်းပြားမြို့နယ် မင်းဖူးတောင်တွင် ဖေဖော်ဝါရီ ၇ ရက်နေ့က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကျေးရွာသားတစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံများကပြောသည်။

ဖေဖော်ဝါရီ ၇ ရက်နေ့၌ မိုင်းပေါက်ကွဲမှု ၃ ကြိမ်ကြားလိုက်ရပြီး အဆိုပါနေ့တွင် ကျေးရွာမှ တောင်သို့ထင်းခွေသွားသူတစ်ဦး ပြန်ရောက်မလာဘဲ ၂ ရက်တိုင်တိုင် ပျောက်ဆုံးလျှက်ရှိနေခဲ့ပြီး ၃ ရက်မြောက်နေ့တွင်  အလောင်းအားပုပ်ပွ၍ ပြန်လည်တွေ့ရှိခဲ့သည်ဟု မင်းဖူးတောင်အောက်ရှိ သလူချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက Western News ကို ပြောသည်။

“မိုင်းပေါက်တာက ၇ ရက်နေ့ကပါ။ မနက် ၉ နာရီမှာ တစ်ကြိမ်၊ ၁၂ နာရီလောက်မှာတစ်ကြိမ်၊ ၁ နာရီလောက်မှာတစ်ကြိမ် ပေါက်တာကိုကျနော်တို့ကြားလိုက်ရတယ်။ အစကတော့ အပူချိန်ကြောင့် ပေါက်တာလို့ထင်နေကြတာပေါ့။ နောက်ညနေပိုင်းရောက်တော့ ရွာက ထင်းခွေသွားတဲ့သူတစ်ယောက်မရောက်လာတော့ လိုက်ရှာတာ၂ ရက်ကြာတဲ့အထိ မတွေ့ခဲ့ဘူး။ ဒီနေ့ နေ့လည်ပိုင်းလောက်မှပဲ အလောင်းက ခြေတွေလက်တွေမပါဘဲ ပုပ်ပွပြီးသွားတွေ့တယ်” ဟုပြောသည်။

သေဆုံးသွားသည့် ကျေးရွာသားမှာ အသက် ၅၅ နှစ်အရွယ် ဦးသန်းထွန်းမောင် သလူးချောင်းကျေးရွာကဖြစ်ပြီး ၎င်း၏ အလောင်းအား မင်းဖူးတောင်၏ တပ်စခန်းချရာခြံစည်းရိုးဖက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာသားများပြောသည်။

မိုင်းများနှင့် စစ်ကျန်လက်နက်များမှာ မင်းဖူးတောင်တွင်သာမက ရွာအနီးဝန်းကျင်များတွင်လည်း ရံဖန်ရံခါတွေ့ရှိရတတ်ပြီး ယခင်ပေါက်ကွဲမှုများကြောင့်လည်း ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည့်အတွက် တာဝန်ရှိသူများအနေဖြင့် မိုင်းရှင်းလင်းပေးစေချင်သည်ဟု သလူချောင်းအုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

“ကျနော်တို့ရွာသားတွေက မင်းဖူးတောင်ကိုပဲမှီခိုပြီး လုပ်ကိုင်စားသောက်နေကြရတာပါ။ တောင်ပေါ်မှာ တပ်ကနေရာယူခဲ့တာကြောင့် မိုင်းအန္တရာယ်ကအမြဲတမ်းစိုးရိမ်နေရတယ်။ အဲ့တောင်ကို မသွားရင်လည်း အဆင်မပြေဘူး။ အရင်တုန်းကလည်း ပေါက်ကွဲမှုတွေဖြစ်လို့ ၁၀ တန်းကျောင်းသားတစ်ယောက် ညာဖက်ခြေကို မိုင်းစဝင်သွားတာ ပုံမှန်လမ်းမလျှောက်နိုင်တော့ဘူး။ ဖြစ်နိုင်ရင် ကျနော်တို့ကျေးရွာသားတွေကို ငဲ့ညှာရင် တာဝန်ရှိသူတွေအနေနဲ့ မိုင်းရှင်းပေးစေချင်တယ်” ဟုပြောသည်။

မင်းဖူးတောင်တွင် တပ်စွဲနေထိုင်ခဲ့သည့် မြန်မာစစ်တပ်မှာ တောင်မှ ဆင်းသွားသည်မှာ လပိုင်းခန့်ရှိပြီဖြစ်သော်လည်း ဒေသခံများမှာ စိုးရိမ်မှုကင်းကင်းဖြင့် မသွားလာနိုင်သေးဟု ဒုံးသားကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လှ ကပြောသည်။

“စစ်တပ်က ၂၀၁၉ လောက်ကနေစပြီးအဲ့ဒီတောင်မှာ တပ်စွဲထားတာ။ ဆင်းသွားတာကတော့ ၁ လခွဲလောက်ရှိပါပြီ။ ဒါပေမယ့် မိုင်းတွေကရှိနေမှာဆိုတော့ ထိတ်လန့်စိုးရိမ်မှုတစ်ဝက်လောက်နဲ့ သွားလာနေရာတာပါပဲ။ အဲ့တောင်ကို မသွားဘဲနေလို့မဖြစ်တဲ့သူတွေက ရှိနေတာကို” ဟုပြောသည်။

မင်းဖူးတောင်မှာ ၎င်းအနီးအနားရှိ ကျေးရွာသားများ၏ လုပ်ကိုင်စားသောက်ရာ၊ မှီခိုရာနေရာတစ်ခုဖြစ်ပြီး သလူချောင်းကျေးရွာ၊ ဒုံးသားကျေးရွာနှင့် စိတ္တရကမ်းဖက်မှ ဒေသခံများအဓိကအားထားရသော နေရာတစ်ခုဖြစ်ကြောင်းသိရသည်။

အဆိုပါဒေသခံများမှာ ၎င်းတောင်တွင် ထင်းခွေခြင်း၊ ဝါးခုတ်ခြင်း၊ လယ်သမားများတွင်လည်း မိုးပွဲစချိန်ဆိုလျှင် မင်းဖူးတောင်၌သာ ကျွဲနွားများကို လွှတ်ကျောင်းကြခြင်းဖြစ်ကာ ၎င်းနေရာမျိုးတွင် မိုင်းအန္တရာယ်ရှိနေခြင်းအတွက် အခက်အခဲဖြစ်နေကြရကြောင်း ဒေသံများကပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ခုနှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် မေလ ၁၂ ရက်နေ့အထိ ရခိုင်တွင် စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် အရပ်သားသေဆုံးသူ ၄၅ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၉၁ဦးရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ၏ စာရင်းအချက် အလက်များအရသိရသည်။

https://www.facebook.com/westernnewsagency/posts/462849642188212

Leave a Reply

Your email address will not be published.