By Voice Of Westland (VOW)/ 2022 February 16
အဥ္ဇနခင်
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်တွေထဲက ရက္ခိုင့်တပ်တော် AA နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေမှာ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အရပ်သားတွေသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေရှိလာတဲ့အတွက် ဒေသခံတွေအနေနဲ့ တောတောင်တွေကိုတက်ပြီး ဟင်းရှာ၊ ထင်းခုတ်မလုပ်တော့ဘူးလို့ ဆိုပါတယ်။
အခုလို စစ်ကျန်လက်နက်တွေပေါက်ကွဲတာဟာ အခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ဖေဖော်ဝါရီလလယ်ပိုင်းထိ တစ်လကျော်အတွင်းမှာ စစ်ကျန်လက်နက်ပေါက်ကွဲတဲ့အတွက် အရပ်သားပြည်သူ(၁)ယောက်နဲ့ သေဆုံးပြီး (၅)ယောက်အထိ ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။
ဒီပေါက်ကွဲမှုတွေဟာ ရက္ခိုင့်တပ်တော်အေအေနဲ့ မြန်မာစစ်တပ်တို့ အရင်နှစ်တွေထဲမှာ တိုက်ပွဲဖြစ်ပွားတဲ့အထဲက မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့မနက်ပိုင်း ၇ နာရီခွဲလောက်ကလည်း မင်းပြားမြို့နယ် မင်းပုန်းတောင်မှာ မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပွားခဲ့တယ်လို့ သလူချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်လှရဲ့ ပြောပြချက်အရ သိရပါတယ်။
“လူထိခိုက်လားဆိုတာတော့ ကျွန်တော်တို့မသိရသေးဘူး။ မနက် ၇ နာရီခွဲအချိန်လောက်ဆိုတော့ တောင်ကိုသွားလေ့ရှိတဲ့ အချိန်မဟုတ်ဘူး။ ထိခိုက်ဖို့ နည်းပါတယ်။ ခနခနမိုင်းပေါက်နေတော့ ကျွန်တော်တို့လည်း သွားမကြည့်ရဲဘူး”လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း မင်းပြားမြို့နယ် သလူချောင်းကျေးရွာက ဦးသန်းထွန်းမောင် အသက်(၅၅)နှစ်မှာ မင်းပုန်းတောင်ကို ထင်းရှာဖို့သွားနေချိန် မိုင်းပေါက်ကွဲလို့ သေဆုံးခဲ့သွားပြီးနောက် (၃)ရက်အကြာမှာရှာတွေ့ခဲ့တာဖြစ်တယ်လို့ ဦးမောင်လှရဲ့ ပြောပြချက်အရ သိရပါတယ်။
“၇ ရက်နေ့ကပဲ ထင်းရှာဖို့တောထဲသွားတာ။ ဟိုနေ့ကမှ လောင်းကိုတွေ့တယ်။ အလောင်းကိုတွေ့တော့ မိုင်းပေါက်ကွဲလို့ လက်တခြား၊ ခြေတခြားဖြစ်နေပြီ။ ပျက်စီးနေပြီ။ အဲဒီမင်းဖူးတောင်မှာပဲ မြေမြှုပ်ပစ်ခဲ့ရတယ်”လို့ သူကပြောပါတယ်။
အဲဒီမင်းပုန်းတောင်မှာ ၂၀၁၉ လောက်ကပင် မြန်မာစစ်တပ်က တပ်စွဲပြီးနေထိုင်ခဲ့တဲ့ နေရာတစ်ခုဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့လည်း စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာက ဆယ်ကျော်သက်လူငယ်(၃) ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြသလို ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ေကျးရွာက မွတ်စလင်ကလေးငယ်နှစ်မှာလည်း စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြတာကို တွေ့ရပါတယ်။
ရခိုင်မှာ နှစ်ဖက်တိုက်ပွဲနဲ့ စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများပေါက်ကွဲမှုကြောင့် လူလတ်ပိုင်း၊ လူငယ်ပိုင်းနဲ့ ကလေးသူငယ် သေဆုံးထိခိုက်ဒဏ်ရာရရှိတာတွေများလာတယ်လို့ ရခိုင်ပြည်နယ်မသန်စွမ်းသူများအစည်းအရုံး ဥက္ကဌ ဦးလှမြင့်က VOW သို့ပြောသည်။
“ကျွန်တော်တို့အဖွဲ့မှာ အတိအကျစာရင်းမလုပ်နိုင်သေးပေမယ့် စစ်လက်နက်ပေါက်ကွဲမှုကြောင့် သေဆုံးတာတွေ၊ ထိခိုက်ဒဏ်ရာရသူတွေဟာ လူလတ်ပိုင်းတွေ၊ အမျိုးသမီးငယ်ေတွနဲ့ ကလေးငယ်တွေများတယ်”လို့ ဦးလှမြင့်ကပြောပါတယ်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ဟာ ၂ နှစ်ကျော်အထိ အပစ်အခတ်ရပ်စဲထားပေမဲ့လည်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အပြစ်မရှိတဲ့ အရပ်သားတွေ သေဆုံးမှုတွေရှိနေသလို ထိခိုက်ဒဏ်ရာရမှုတွေလည်း အများအပြားရှိနေဆဲ ဖြစ်ပါတယ်။