စစ်ကောင်စီလက်အောက် ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေး အလားအလာ

By VOA / 2022 February 02

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာပြည် ပြန်နိုင်ရေး ေ၀ဝါးနေဆဲဖြစ်တယ်လို့ ရခိုင်ရိုဟင်ဂျာသမဂ္ဂ(ARU) ကနေ၊ OIC နိုင်ငံတကာအစ္စလမ္မစ်အဖွဲ့ အပါအဝင်၊ နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့စည်းအသီးသီးကို ပေးပို့တဲ့အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက နိုင်ငံရေးပဋိပက္ခတွေမှာ ပြိုင်ဘက်နိုင်ငံရေးအင်အားစုတွေကို ထိုးနှက်ဖို့အတွက် ရိုဟင်ဂျာတွေကို ခုတုံးလုပ်ရေးသား ပြောဆိုတာမျိုးတွေကိုလည်း ရပ်တန့်ဖို့ဖေါ်ပြထားပါတယ်။ အပြည့်အစုံကို ကိုဇော်မိုးကျော် ကတင်ပြပေးပါမယ်။

၂၀၁၇ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ သန်း ၂ သိန်း နေရပ်ပြန်ရေးဟာ ၅ နှစ်ကြာတဲ့အထိ မရေမရာဖြစ်နေစဲပဲလို့ ရခိုင်ရိုဟင်ဂျာသမဂ္ဂ ARU ရဲ့ ဇန္နဝါရီလ ၃၁ ရက်နေ့နေ့စွဲနဲ့ ထုတ်ပြန်တဲ့ OIC နိုင်ငံတကာ အစ္စလမ္မစ်အဖွဲ့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း အသီးသီးကိုပေးပို့တဲ့ အစီရင်ခံစာထဲမှာဖေါ်ပြထားပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ဇန္နဝါရီလ ၂၇ ရက်နေ့က မြန်မာစစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ စီစစ်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တဲ့အတွက် နေရပ်ပြန်ရေးဟာ ခပ်ရေးရေး မျှော်လင့်ချက်တွေဖြစ်ပေါ်လာရကြောင်း ဖေါ်ပြထားပါတယ်။

ဒါပေမယ့် ဒီအစီရင်ခံစာထဲမှာ စစ်တပ်က အာဏာမသိမ်းမီ ၃ လောက်အလိုမှာ ဝန်ကြီးဟောင်း၊ ရေတပ်ဗိုလ်ချုပ်ဟောင်း ဦးစိုးသိမ်း ထုတ်ဝေခဲ့တဲ့စာအုပ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကနေ ရိုဟင်ဂျာအရေး ဦးဆောင်လှုပ်ရှားနေသူ ဒေါက်တာ ဝါကာအူဒင်ကို စာရေးသားပြီး ရွေးကောက်ပွဲမှာ NLD အနိုင်ရရေး ကူညီဖို့နဲ့ ရိုဟင်ဂျာတွေအပေါ်ဖိနှိပ်မှု ကျူးလွန်သူတွေကိုအရေးယူနိုင်ဖို့ ဥပဒေပြဌာန်းပေးမယ်လို့ဖော်ပြခဲ့ပါတယ်။ အဲဒီလိုဖေါ်ပြသလို ဒေါ်အောင်ဆန်းစုကြည်ဆီက စာရရှိခဲ့ဖူးပါသလား၊ ဘာကြောင့်ဒီလိုရေးသားဖေါ် ပြတယ်လို့ထင်ပါသလဲလို့မေးကြည့်တဲ့အခါ ဒေါက်တာ ဝါကာအူဒင် က အခုလိုဖြေဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရယ်၊ နောက် NLD အစိုးရရတယ်၊ နောက် NLD ပါတီကရော ဘယ်သူဆီကမှ ကျနော်ဆီကို စာမရေးခဲ့ပါဘူး၊ ကျနော်ဘယ်သူဆီကမှ စာမရခဲ့ပါဘူး။ ကျနော်ထင်တာကတော့ ဒေါ်အောင်ဆန်းစုကြည် NLD နဲ့ယှဉ်ပြိုင်တဲ့ အဖွဲ့ USDP ဖြစ်ဖြစ်၊ တပ်မတော်ဖြစ်ဖြစ်၊ ကျနော်ကတော့ အတိအကျပြောလို့မရဘူး။ ဒါပေမယ့် ကျနော်နားလည်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မနှစ်သက်တဲ့၊ ဒေါ်အောင်ဆန်းစုကြည်NLD နဲ့ ယှဉ်ပြိုင်တဲ့အဖွဲ့တွေက အဲဒါကိုဖန်တီးပြီးတော့ရေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီရိုဟင်ဂျာရဲ့အရေးကို၊ ရိုဟင်ဂျာရဲ့ Genocide (လူမျိုးတုံးသတ်ဖြတ်မှု) အကြောင်းကိုသုံးပြီးတော့ ဒေါ်အောင်ဆန်းစုကြည် NLD ဆုံးရှုံးသွားအောင်၊ မြန်မာပြည်သူတွေက သူ့ကိုမဲမပေးအောင် အဲဒါဖန်တီးပြီးတော့ ရေးတယ်လို့ကျနော်ထင်ပါတယ်။ အခုလို ရိုဟင်ဂျာတွေကိုခုတုံးလုပ်ရေးသားတာမျိုး နောက်နောင်စာအုပ် စာတမ်းတွေဖြန့် ဝေတာမျိုးမလုပ်ဖို့၊ ဒီအစီရင်ခံစာထဲမှာဖေါ်ပြထားပါတယ်။

ဇော်မိုကျော်။ ။နောက်တခုက ဒီအစီရင်ခံစာထဲမှာ ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာ ၁ သန်း ၂ သိန်းကျော်ရှိတယ်လို့ ဖေါ်ပြထားပါ တယ်။ အဲဒီဒုက္ခသည်တွေ မြန်မာပြည်ပြန်ရနိုင်မယ့်မျှော်လင့်ချက်ကဘယ်လိုရှိပါသလဲ။

ဝါကာအူဒင်။ ။ကျနော်ကမျှော်လင့်ပါတယ်။ ကျနော်ကဖြစ်မယ်လို့မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမြန်မာအစိုးရ မြန်မာတပ်မတော်က မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားဖြစ်တဲ့ ရိုဟင်ဂျာကို ပြန်ခေါ်ဖို့အတွက် သူမှာတာဝန်ရှိပါတယ်။ World Court ICJ (ကမ္ဘာခုံရုံး ICJ, နိုင်ငံတကာရာဇဝတ်မှုခုံရုံး) မှာလည်း Genocide (လူမျိုးတုံးသတ်ဖြတ်မှု) ပြဿနာဖြစ်တယ်၊ မြန်မာအနေနဲ့၊ မြန်မာတပ်မတော်အနေနဲ့ သူတို့ကို (ရိုဟင်ဂျာတွေကို) အမြန်ဆုံး ပြန်ခေါ်သွားဖို့အတွက် ကျနော်တို့မျှော်လင့်ချက် အမြဲတမ်းရှိပါတယ်။

ဇော်မိုးကျော်။ ။ နောက်တခုကတော့ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းထားပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက အဲဒီစစ်တပ်နဲ့ ဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ကျူးလွန်ခဲ့တယ်ဆိုပြီးတော့ ဒီနိုင်ငံတကာခုံရုံးရောက်တဲ့အထိ တရားစွဲဆိုထားတာရှိပါတယ်။ အဲဒီတော့ဒီစစ်တပ်က တိုင်းပြည်ကိုအာဏာသိမ်းထားတဲ့ အချိန်မှာပြန်မယ်ဆိုလိုရှိရင်လုံခြုံပီးတော့ လူ့ဂုဏ်သိက္ခာနဲ့ အညီပြန်ရနိုင်ဖို့ ဆိုတာဖြစ်နိုင်ပါ့မလား။

ဝါကာအူဒင် ။ ။ ပြန်နိုင်ပါတယ် မြန်မာအစိုးရက အဲဒါတပ်မတော်ကနားလည်သင့်ပါတယ်။ သူတို့ ရိုဟင်ဂျာကို ၂၀၁၇ ခုနှစ်မှာလုပ်ခဲ့သလို အခုပြန်လုပ်မယ်ဆိုရင် ဘာဖြစ်မယ်ဆိုတာ သူတို့နားလည်ပါတယ်။

ဇော်မိုးကျော်။ ။ဒီလက်ရှိဖြစ်နေတဲ့ ရိုဟင်ဂျာပြဿနာပေါ့နော်၊ ရိုဟင်ဂျာကိစ္စ ပြေလည်သွားဖို့ဆိုလို့ရှိရင် အဓိကဘယ်အချက်ကိုရှင်းရမှာလည်းခင်ဗျ။ ဘယ်အချက်က အဓိကပြဿနာဖြစ်နေပါလဲခင်ဗျ။

ဝါကာအူဒင်။ ။ ဒီကအချက်ကတိုင်းရင်းသား။ ရိုဟင်ဂျာလူမျိုးဟာ ရခိုင်ပြည်မှာ နေတာဘယ်လောက်အထိကြာပြီလည်း သူတို့ Historically (သမိုင်းကြောင်းအရ) သူတို့အဲဒီ ဒေသက လူတွေ၊ တိုင်းရင်းသား၊ နိုင်ငံသား၊ တိုင်းရင်းသား၊ နောက်ပြီးတော့ ရိုဟင်ဂျာဆိုတာ လူမျိုးတမျိုး၊ ရိုဟင်ဂျာဆိုတာလူမျိုးရဲ့နာမည်၊ အဲဒါကိုအသိအမှတ်ပြုဖို့၊ ရိုဟင်ဂျာရဲ့ ပြည်နယ်တခု၊ ရိုဟင်ဂျာရဲ့နိုင်ငံတခု ပြောတာမဟုတ်ပါဘူး။”

ပြီးခဲ့တဲ့အစိုးရ လက်ထက်တုန်းကလည်း ရိုဟင်ဂျာလို့ တရားဝင် သုံးစွဲခဲ့တာမျိုးမရှိသလို၊ မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေကလည်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ်ပြု လက်ခံထားခြင်းမရှိပါဘူး။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာနဲ့ မွတ်ဆလင်တွေကို နိုင်ငံရေးအရ ခုတုံးလုပ်အသုံးချပြီး ဝါဒဖြန့်တာမျိုးတွေရှိသလို စစ်တပ်ကအာဏာသိမ်းဖို့ကိစ္စမှာလည်း NLD နိုင်ရင် အမျိုးဘာသာသာသနာ ကွယ်ပျောက်မယ်ဆိုတာမျိုးတွေနဲ့ ခြိမ်းခြောက်ဖန်တီးပြီးတော့ စစ်တပ်ကနေ အာဏာသိမ်းအောင်လှုံဆော်ခဲ့တယ်ဆိုတာမျိုးတွေသုံးသပ် ပြောဆိုတာတွေရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ NUG အစိုးရကခန့်အပ် ထားတဲ့ ASEAN ဆိုင်ရာ သံအမတ်ကြီးဦးဘိုလှတင့်က အခုလိုမှတ်ချက်ပြုပြောဆိုပါတယ်။

“ ဒါဟာလုံးဝအခြေအမြစ်မရှိတဲ့သုံးသပ်ချက်လို့ ကျနော်တို့ပြောချင်ပါတယ်။ စစ်တပ်အာဏာသိမ်းတာက စစ်တပ်က အခွင့်ထူးခံ လူတန်းစားတရပ်အနေနဲ့ ဥပဒေရဲ့အထက်မှာနေပြီးတော့ တိုင်းပြည်ကို စိုမိုးချုပ်ကိုင်ချင်တယ်။ NLD နိုင်ရင် တိုင်းပြည်ဟာ သာသနာပျောက်မယ်ဆိုရအောင် ၂၀၁၅ ခုနှစ်မှာ NLD နိုင်ပြီးတော့ ၅ နှစ်အုပ်ချုပ်တဲ့ကာလမှာ အဲဒီအချင်းအရာတွေ ပြည်သူလူထုထဲက ထွက်လာတာဘာများရှိသလဲလို့ ပြန်ပြီးတော့ ကျနော်တို့မေးခွန်းထုတ်ရမှာဖြစ်ပါတယ်။ ကျနော်တို့တိုင်းပြည်လွတ်လပ်ရေးရပြီးတဲ့ကာလမှာလည်းဘဲ ပြည်သူလူထုကြားထဲမှာ မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာ အဓိကရုန်းသော်လည်းကောင်း၊ ကျန်တဲ့ခရစ်ယန်နဲ့ ဗုဒ္ဓဘာသာ အဓိကရုန်းမျိုးသော်လည်းကောင်း မရှိခဲ့ပါဘူး၊ ဒါပေမယ့် စစ်အာဏာရှင်တွေ အာဏာသိမ်းပြီးတဲ့ ၁၉၆၂ ခုနှစ် နောက်ပိုင်းမှာမှ တရုတ်ဗမာအရေးအခင်းကိုဖန်တီးတာမျိုး၊ မွတ်ဆလင် ဗုဒ္ဓဘာ သာအရေးအခင်းကိုဖန်တီးတာမျိုးတွေဟာအစဉ်တစိုက် စစ်အာဏာရှင်တွေက လုပ်ခဲ့တဲ့ လုပ်ရပ်တွေဘဲဖြစ်ပါတယ်။

https://www.facebook.com/VoA.Burmese.News/posts/10159700247670170

Leave a Reply

Your email address will not be published.