စစ်ကောင်စီမှလွှတ်ပေးသည့် AA နှင့်ဆက်စပ်မှုဖြင့် ဖမ်းဆီးခံရသူ ၄၆ ဦးတွင် ၄၃ ဦးသာလွတ်မြောက်လာ

By Western News/ 2022 February 13

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် စစ်ကောင်စီမှ နိုင်ငံတွင်းရှိ အကျဉ်းသား ၈၀၀ ကျော်ခန့်လွှတ်ပေးမည်ဟုထုတ်ပြန်မှုရှိခဲ့ပြီး ထိုအထဲတွင် AA နှင့်ဆက်စပ်မှုဖြင့် ဖမ်းဆီးခံထားရသူ ၄၆ ဦးလည်း ပါဝင်ခဲ့သည်။

အဆိုပါ ဖမ်းဆီးခံရသူ ၄၆ ဦးထဲမှ ယမန်နေ့တွင် စစ်တွေအကျဉ်းထောင်မှ လက္ကာကျေးရွာသား ၂၃ ဦးအပါအဝင် ၂၆ ဦး၊ မြောက်ဦးအချုပ်ခန်းမ မှ ၁၀ ဦး၊ ကျောက်ဖြူမှ ၆ ဦးနှင့် အင်းစိန်အကျဉ်းထောင်မှ ၁ ဦးတို့လွတ်မြောက်လာခဲ့ပြီဖြစ်သည်။

သံတွဲအကျဉ်းထောင်မှ ၂ ဦးမှာ ယမန့်နေ့တွင် လွတ်မြောက်လာခဲ့သည်ဟုသိရသော်လည်း မိသားစုများထံသို့ရောက်ရှိခြင်းမရှိသေးဘဲ  ၎င်းတို့အား ထောင်ပေါက်ဝမှ ပြန်ဖမ်းသွားသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ သံတွဲကဦးမြင့်မိုးက ပြောသည်။

“သူတို့ကို လွတ်လိုက်တယ်။ ပြီးတော့ ထောင်ပေါက်ဝကပြန်ဖမ်းသွားတယ်။ သူတို့က အမှု ၂ ခုရင်ဆိုင်နေရတာဆိုတော့ မူးယစ်ဆေးဝါးအမှုနဲ့ ပြန်ဖမ်းတာလို့ကြားတယ်” ဟုပြောသည်။

အင်းစိန်အကျဉ်းထောင်မှ ၁ ဦးမှာလည်း သံတွဲမှ ဖမ်းဆီးခံရသူ ၂ ဦးနှင့်နည်းတူ ထောင်မှလွှတ်ပေးခဲ့သော်လည်း ထောင်ပေါက်ဝတွင် ပြန်လည်ဖမ်းဆီးခဲ့ခံရသည်ဟု ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့၏ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“လွှတ်တဲ့စာရင်းထဲပါပေမယ့် သူမလွတ်ဘူး။ ပြန်ပြီးဖမ်းသွားတယ်လို့ပြောတယ်။ အရက်တစ်ခါတုန်းကလည်း သူကအဲလိုပဲ။ သူ့ကိုဖမ်းတာတော့ အကြမ်းဖက်မှုနဲ့ပဲ။ အဲ့အမှုအပြင် တစ်ခြားအမှုတစ်ခုလည်း ရှိမယ်ထင်တယ်” ဟုပြောသည်။

လွတ်မြောက်ရန်စာရင်းပါပြီး မလွတ်မြောက်သေးသည့် သံတွဲထောင်မှ ၂ ဦးမှာ ကိုဖြိုးသက်နိုင်နှင့် ကိုသန်းစိုးထိုက်တို့ဖြစ်ပြီး အင်းစိန်ထောင်မှ ၁ ဦးမှာ ဦးသိန်းထွန်းအေး ဖြစ်သည်။

သံတွဲထောင်မှ နှစ်ဦးမှာ အကြမ်းဖက်ပုဒ်မ ၅၀-(ည) အမှုအပြင် မူးယစ်ဆေးမှု ၁၉-က/၂၁ ထောင်ဒဏ် ၁၆ နစ်တို့ဖြင့် ထောင်ကျခံနေကြရသူများဖြစ်ပြီး ဦးသိန်းထွန်းအေးမှာ AA နှင့်ဆက်စပ်အမှုအပြင် တစ်ခြားပုဒ်မများဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရခြင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/464715895334920

Leave a Reply

Your email address will not be published.