By Western News/ 2022 February 11

လာမည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ကျရောက်မည့် ၇၅ ကြိမ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် ကျင်းပမည့် ထာ၀ရငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALPက တက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ALPမှ အစဉ်လာတစ်ရပ်အနေဖြင့် မပျက်မကွက်တက်ရောက်မှာ ဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၏ ဒု ဥက္ကဌ ဒေါ်စောမြရာဇာလင်းကပြောသည်။
“ပြည်ထောင်စုနေ့အခမ်းအနားဆိုကို ALPက ၂၀၁၄ ခုနှစ်ကစလို့ တက်ရောက်ခဲ့တယ်။ ဦးသိန်းစိန်လက်ထက်လည်း တက်ရောက်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်လက်ထက်လည်း တက်ရောက်ခဲ့တယ်။ ဒါကြောင့် အစဉ်လာတခုအနေနဲ့ တက်ရောက်မှာဖြစ်တယ်”ဟု ဆိုသည်။
လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို နေပြည်တော်တွင် ကျင်းပမှာဖြစ်သည်။ ထိုအခမ်းအနား၌ ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲကို NCA စာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် NCAမရေးထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များကို တက်ရောက်ရန် စစ်ကောင်စီက ဖေဖော်ဝါရီ ၆ ရက်တွင် ဖိတ်ခေါ်ခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းထဲတွင် NCAရေးထိုးထားသည့် အဖွဲ့ ၁၀ ဖွဲ့ရှိသည်။ ၎င်းတို့
မှာ KNU ၊ RCSS ၊ KNLA-PC ၊ DKBA ၊ PNLO ၊ ABSDF ၊ ALP ၊ CNF ၊ NMSP နှင့် LDUတို့ဖြစ်သည်။ ယင်းအထဲမှ ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ချင်းအမျိုးသားတပ်ဦး(CNF)တို့ကတော့ ပြည်ထောင်စုနေ့ အခမ်း အနားနှင့် ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ကြောင်း မီဒီယာများကို ပြောဆိုထားသည်။
ယင်းအပြင် NCA မရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ရှိပြီး ၎င်းတို့မှာ KNPP၊ KIA၊ UWSA၊ MNDAA၊ NDAA၊ ULA/AA၊ TNLA နှင့် SSPPတို့ဖြစ်သည်။ ၎င်းတို့အဖွဲ့များအနေဖြင့် အဆိုပါအခမ်းအနားသို့ တက်၊ မတက်ကို မသိရှိရသေးပေ။
https://www.facebook.com/westernnewsagency/posts/463319058807937