ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ချက် AA အပါအဝင် ညီနောင်မဟာမိတ် သုံးဖွဲ့ တက်ရောက်မည်မဟုတ်ဟုဆို

By Narinjara / 2022 February 08

ချစ်အိလှိုင်

နစကကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ချက်ကို ရက္ခိုင့်တပ်တော် (AA) အပါအဝင် တအာင်းတပ်မတော်(TNLA) နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ဖြစ်သည့် မြောက်ပိုင်း ညီနောင် မဟာမိတ်သုံးဖွဲ့တို့ တက်ရောက်မည်မဟုတ်ကြောင်း သတင်းရရှိသည်။

လာမည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် ဖိတ်ကြားမှုအပေါ် တက်ရောက်ရန် မရှိကြောင်းTNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးတာဖုန်းကျော်က နိရဉ္စရာအားပြောသည်။

“ တက်ဖို့မရှိဘူးဗျ။ကျွန်တော်ထင်တာက သူတို့က ပြည်ထောင်စုနေ့ အခမ်းအနားကို လာတက်ခိုင်းတဲ့ပုံစံလောက်ပဲမြင်တယ်” ဟုပြောသည်။

၎င်းအပြင် ရက္ခိုင့်တပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်း နစကကောင်စီအနေဖြင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ တရားဝင် ဆက်သွယ်လာခြင်းမရှိသေးကြောင်းနှင့် တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောစရာ မရှိသေးကြောင်း  ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက်က ပြောကြားသည်။

ဖေဖော်ဝါရီ ၇ ရက်နေ့၊ နိုင်ငံပိုင်မြန်မာအလင်းသတင်းစာထဲတွင် ထာဝရ ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်းနှင့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ဖိတ်ခေါ်သည့် သတင်းကို ဖော်ပြခဲ့သည်။

ယင်းအထဲတွင် “ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် အဖွဲ့အစည်း များမှအပ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသာမက NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်မဖွဲ့အစည်းများကိုပါ ထာဝရငြိမ်းချမ်းရေးတွက် ဆွေးနွေးရန် ဖိတ်ခေါ်ပါသည်” ဟုပါရှိသည်။

၎င်းအပြင်ထိုသို့ ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ဆွေးနွေးမည့် အကြောင်းအရာ များနှင့် ပတ်သက်၍ ကြိုတင်ကန့်သတ်ချက်မထားပဲ တတ်နိုင်သလောက် လွတ်လွတ်လပ်လပ် နှီးနှောဖလှယ်နိုင်ရန် ရည်ရွယ်ထားကြောင်း နစကကောင်စီက ထုတ်ပြန်ထားသည်။

၎င်းတို့၏ ငြိမ်းချမ်းရေးဆိုင်ရာ ညှို့နှိုင်းရေးကော်မတီအနေဖြင့် ယနေ့အထိ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်များနှင့် (၁၆) ကြိမ်၊ NCA လက်မှတ်ရေးထိုးခြင်းမပြုသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် (၉)ကြိမ်၊ နိုင်ငံရေး ပါတီများနှင့်(၇) ကြိမ်၊ ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့များနှင့် (၂) ကြိမ်၊ စုစုပေါင်း (၃၄) ကြိမ်တွေ့ဆုံ ဆွေးနွေးပြီးပြီဟုနစကကောင်စီက ဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်မောင်တောမြို့နယ်မြောက်ပိုင်းတွင် ဖေဖော်ဝါရီ ၄ ရက်နေ့ နေ့လယ်၂နာရီခန့်က စပြီး  ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ တပ်မတော်တို့ အကြား  တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/5194679747210727

Leave a Reply

Your email address will not be published.