By Voice Of Westland (VOW)/ 2022 February 17
ခိုင်သဇင်

ရခိုင်ဇာတ်သဘင်အဖွဲ့တစ်ခုဖြစ်တဲ့ခိုင်ပြည်ဟိန်းရက္ခိတအနုပညာသဘင်အဖွဲ့ လိုက်ပါစီးနင်းလာတဲ့ ဘုတ်တစ်စီးဟာ မနေ့က ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေ ၅ နာရီလောက်က ရေနစ်မြုပ်ခဲ့တယ်လို့ အဲဒီဇာတ်သဘင်အဖွဲ့တာဝန်ရှိသူ တွေကပြောပါတယ်။
ပေါက်တောမြို့နယ် ဂြစ်ချောင်းဘုန်းကြီးပျံဈာပနပွဲမှာ ပွဲကပြီးပြန်လာတဲ့အချိန်မှာ မြောက်ပြင်အုပ်စု၊ခြံချေကျေးရွာအနီးနားက မြစ်ထဲမှာ ဘုတ်ဝမ်းဗိုက်ပေါက်ပြီး ရေဝင်ရာက နစ်မြုပ်ခဲ့တာဖြစ်တယ်လို့ အဲဒီဇာတ်သဘင်အဖွဲ့က ဇာတ်ဆရာ ကိုဟိန်းကို ကပြောပါတယ်။
“ဘုတ်ဝမ်းဗိုက်ကို အငုတ်ထိုးမိသွားပြီး ပေါက်သွားတယ်။ရေဝင်တယ်။ရေဝင်တာကနေ တဖြည်းဖြည်းမြုပ်သွားတာပါ”ဟု ဇာတ်ဆရာ ကိုဟိန်းကိုက vow ကိုပြောပါတယ်။
ရေနစ်မြုပ်ခဲ့တဲ့ဘုတ်မှာ ဇာတ်သဘင်အဖွဲ့ကလူ ၅၈ ယောက်လိုက်ပါလာတာဖြစ်ပေမဲ့ လူထိခိုက်ဒဏ်ရာရတာတွေတော့မရှိဘူးလို့ ပြောပါတယ်။
အဲဒီဘုတ်ရေနစ်မြုပ်လို့ ကျပ်သိန်း ၄၀၀ နီးပါးရှိတဲ့ ဇာတ်သဘင်အဖွဲ့ရဲ့ တူရိယာပစ္စည်းနဲ့ အခမ်းအနားပစ္စည်းတွေလည်း ဆားငန်ရည်ဝင်ပြီး ပျက်စီးဆုံးရှုံးသွားတယ်လို့ သူကပြောပါတယ်။