ကျောက်တံခါးကျေးရွာမှာ ရေကန်တူးဖော်မှုကို ရပ်နားထားရတဲ့အတွက် သောက်သုံးရေရှားပါးမှုကြုံတွေ့နေရ

By  Voice Of Westland (VOW)/ 2022 February 16

ခိုင်သဇင်

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နဲ့  ၉ မိုင်အကွာမှာရှိတဲ့ ရခိုင်ရိုးမပေါ်က ကျောက်တံခါးကျေးရွာမှာ သောက်သုံးရေရရှိဖို့အတွက် ရေကန်တူးဖော်ရေးလုပ်ငန်းလုပ်ရာကနေ ငွေကြေးအခက်အခဲကြောင့် ရေကန်ကိုဆက်မတူးနိုင်တော့ပဲ ရပ်နားထားလိုက်ရပါတယ်။

အခုလိုရပ်နားထားရတဲ့အတွက် သောက်သုံးရေရှားပါးမှုနဲ့ ရင်ဆိုင်နေရပြီး ကျေးရွာသားတွေကလည်း မြို့ပေါ်ကနေ ရေတွေကို ဝယ်ယူသုံးစွဲနေရတဲ့အထိ အခက်အခဲနဲ့ကြုံနေရပါတယ်။

ဒီကျောက်တံခါးကျေးရွာဟာ မြို့နဲ့ ဝေးသီခေါင်လွန်းတဲ့ တောင်ပေါ်ရွာတစ်ရွာဖြစ်ပြီး ရေရှားပါးမှုဒဏ်ကိုလည်းနှစ်စဉ် ခံစားရတဲ့ ကျေးရွာတစ်ရွာဖြစ်တယ်လို့ ကျောက်တံခါးကျေးရွာက သဓမ္မသုခစရိယရွှေတံခါးကျောင်းတိုက်ကျောင်းထိုင်ဆရာတော် ဦးပုညသေဌက VOW သတင်းဌာနကို မိန့်ပါတယ်။

“ရွာကတောင်ပေါ်မှာဆိုတော့ရေအရမ်းရှားတယ်။ ဒီမှာဝါးရက်၊ဝါးရောင်းတဲ့ လက်လုပ်လက်စားသမားတွေမြို့ပေါ်ကို သုံးရက်တစ်ခါ၊ နှစ်ရက်တစ်ခါသွားတဲ့အခါမြို့ကရေပုံးနဲ့ဝယ်လာရတယ်။ ချိုးရေတွေကိုမဝယ်နိုင်တဲ့သူတွေကတော့မြောင်ထဲသွားပြီးရေချိုးကြရတယ်။ ကျောင်းမှာအလှူပွဲတွေဘာတွေရှိတဲ့အခါရေ ကိုချွေတာသုံးစွဲရတဲ့အခက်အခဲတွေလည်းကြုံရတယ်”ဆိုပြီး ဆရာတော်က မိန့်ကြားပါတယ်။

အဲဒီလို သောက်သုံးရေရှားပါးမှုနဲ့ ရင်ဆိုင်နေရတဲ့အတွက် ကျောက်တံခါးကျေးရွာ ရွှေတံခါးကျောင်းမှာ ၉၆ ပေပတ်လည်ရှိတဲ့ ရေကန်ကြီးတူးဖော်နေပေမယ့်  ငွေကြေးအခက်အခဲကြောင့် ရေကန်တူးဖော်မှုကို ရပ်တန့်ထားရတယ်လို့ ဆရာတော် ဦးပုညသေဌက မိန့်ပါတယ်။

“ရေရှားပါးမှုကြောင့်တောင်ကုတ်မြို့ပေါ်ကံပိုင်ဆရာတော်ကြီးရဲ့သြဝါဒနဲ့ ဒကာ၊ဒကာမတွေ၊ရွာသူ၊ရွာသားတွေအတွက်သောက်သုံးရေအဆင်ပြေအောင်လို့ တူးဖော်နေတာပါ။ ကန်ကတော့ ၈ ပေအနက်လောက်တူးဖြစ်ထားပါပြီ။ ဒါပေမဲ့အဲဒီကန်ကို ကျောက်နဲ့နံရံကာရမယ်။ မပြီးနိုင်သေးဘူးဖြစ်နေတယ်။ ကျောက်ကျင်းကုန်ကျစရိတ်ကိုတွက်ကြည့်တဲ့အခါ သိန်း၂၀ ကျော်လောက်ထပ်ကုန်အုံးမယ်။ အခုဦးဇင်းတို့လက်ရှိရထားတဲ့အလှူငွေကကျောက်ဖိုးအဆင့်လောက်တောင်မလိုက်နိုင်ဘူးဖြစ်နေတယ်”လို့ ဆရာတော်က မိန့်ကြားသည်။

တောင်ကုတ်မြို့ပေါ်က ရွှေတံခါးရေကန်ဖြစ်မြောက်ရေးအကျိုးဆောင်ဦးစံရွှေကလည်း

“ရေကန်ကမနှစ်ကမိုးသည်းစကတည်းကဘတ်ပိုးတွေနဲ့တူးဖော်နေတာကြာပါပြီ။မြို့ပေါ်မဟုတ်တော့လူအင်အားငွေအင်အားလိုက်နိုင်ဖို့ဆိုတာခက်ခဲတယ်လေ”လို့​ VOWကို​ပြောပါတယ်။

အဲဒီ ကျောက်တံခါးကျေးရွာဟာ အိမ်ခြေ ၁၀၀ နီးပါးရှိပြီးတော့ လူဦးရေ ၄၅၀ ကျော်ခန့်ရှိတဲ့ တောင်ပေါ်ကျေးရွာတစ်ရွာဖြစ်သလို ကျေးရွာသားတွေဟာရခိုင်ရိုးမပေါ်က ထွက်ရှိတဲ့ သစ်ဝါးနဲ့သီးနှံတွေကိုတပိုင်တနိုင်ရှာဖွေရောင်းချပြီး အသက်မွေးဝမ်းကျောင်းပြုနေသူတွေလည်း ဖြစ်ပါတယ်။

https://www.facebook.com/VOW2ppl/posts/148816734204379

Leave a Reply

Your email address will not be published.