ကျောက်တော်-ပလက်ဝရေလမ်းကြောင်း စစ်ဆေးမှုပိုမိုတင်းကြပ်၊ ဆန်အပါအဝင် ကုန်ပစ္စည် ၄ မျိုး သယ်ဆောင်ခွင့်မရ

By Western News/ 2022 February 11

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ ပြေးဆွဲနေသည့် စစ်ကောင်စီပိုင် ရေယာဉ်မှာ စစ်ဆေးမှုများပိုမိုတင်ကြပ်နေ၍ ခရီးသည်များစိုးရိမ်နေရသည်ဟု သိရသည်။

ပလက်ဝမြို့မှ ကျောက်တော်မြို့သို့ ရေယာဉ်ဖြင့်သွားလျှင် ပလက်ဝမြို့အခြေစိုက် ခလရ ၂၈၉ တပ်ရင်းတွင် တစ်ကြိမ်၊ ကျောက်တော်မြို့နယ်ရှိ စကခ ၉ တွင်တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် စစ်ဆေးမှုများ ခံယူနေရသည်ဟု ကျောင်တော်မြို့သို့ ဈေးဝယ်ရန် မကြာခဏသွားနေသည့် ပလက်ဝမြို့မှ  ကုန်စုံဆိုင်ပိုင်တစ်ဦးကပြောသည်။

“အရင်ဆိုတော့ လိုင်းဆွဲစက်လှေတွေနဲ့သွားတယ်ပေါ့။ စစ်ဆေးမှုတွေတအားများတယ်။ အခုတော့ အစိုးရရေယာဉ်ပြေးဆွဲနေတယ်ဆိုတော့ ကျွန်တော်တို့က စစ်ဆေးမှုတွေမလုပ်တော့ဘူး ထင်ထားတာ။ ဘယ်ဟုတ်မလဲ။ အရင်ထက် စစ်တယ်။ တခါကဆိုရင် စစ်ဆေးတာ တစ်နာရီကျော်ကြာသွားတယ်။ စစ်သားတွေက မှတ်ပုံတင်ကို အဓိကစစ်တာ။ သေနတ်တွေ တကားကားနဲ့ စစ်ဆေးတော့ ကြောက်တာပေါ့”ဟုဆိုသည်။

အလားတူ ၎င်းရေယာဉ်တွင်လည်း ခရီးသည် ဦးရေ ၁၀၀ သာစီးခွင့်ရှိကြောင်း၊ ကုန်ပစ္စည်းများမှာလည်း စက်သုံးဆီ၊ သံပစ္စည်းများ၊ ဘိလပ်မြေများနှင့် ဆန် တို့ကို ပလက်ဝမြို့သို့ တင်ဆောင်ခွင့် မရှိကြောင်း ခရီးသည်များကပြောသည်။

အမည်မဖော်လိုသည့် ပလက်ဝမြို့ခံတစ်ဦးက”ဘာဖြစ်လို့ ဒီပစ္စည်းတွေကို တင်ဆောင်လို့မပေးလည်း မသိဘူး။ ရေယာဉ်စလို့ထွက်ကတည်းကနေ အခုချိန်ထိသယ်ဆောင်လို့မရတာ”ဟု ပြောသည်။

ခရီးသည်များ၏ပြောဆိုချက်များနှင့်ပတ်သက်၍  ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝနကြီး ဗိုလ်မှူးကြီး ကျော်သူရကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

အဆိုပါရေနယား-၁အမည်ရှိ ရေယာဉ်မှာ ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၂၄ရက်နေ့မှစတင်ကာ ကျောက်တော်မှ-ပလက်ဝသို့ တစ်ပတ်လျှင် သောကြာနှင့် စနေ နှစ်ကြိမ်ပြေးဆွဲနေခြင်းဖြစ်ပြီး ခရီးသည်တစ်ဦးလျှင် စီနင်းခ ၂၀၀၀ ကျပ်ပေးရသည်။

https://www.facebook.com/westernnewsagency/posts/463478482125328

Leave a Reply

Your email address will not be published.