ကျောက်တော် ညောင်ချောင်း စစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေ တစ်လုံး ရရှိဖို့ ၁ နာရီခန့်ကြာ စောင့်ဆိုင်းနေရ

By Western News/ 2022 February 10

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ညောင်ချောင်းကျေးရွာအနီးတွင် တည်ရှိသည့် စစ်‌ဘေးရှောင် ကယ်ဆယ်ရေးစခန်းတွင် သောက်သုံးရေရှားပါမှုနှင့် ကြုံတွေ့နေရပြီး သောက်သုံးရေ တစ်လုံးရရှိ ၁ နာရီခန့်ကြာ စောင့်ဆိုင်းနေရသည်ဟု စခန်းတာဝန်ခံများက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေမသန့်ရှင်းမှုကြောင့် ကလေးငယ်များ ဝမ်းလျော့၊ ဝမ်းပျက်များဖြစ်ပွါးမှုများရှိခဲ့ကြပြီး လက်ရှိအချိန်ထိ စခန်းတွင် ကျန်းမာရေးစောင့်ရှောင်မှုများရှိသော်လည်း လုံလောက်မှုမရှိကြောင်း တာဝန်ခံများက ပြောသည်။

လက်ရှိတွင် သောက်သုံးရေများ ရှားပါးမှုနှင့်ပတ်သက်၍ ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးမှူးထံအကြောင်းကြားထားသော်လည်း တစ်စုံတစ်ရာအကြောင်းပြန်လာခြင်းမရှိသေးဟု စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က Western News ကိုပြောသည်။

“လက်ရှိကျွန်တော် စခန်းမှာ သောက်သုံးရေရှားပါးမှုနှင့် ကြုံနေရပါတယ်။ ဇီးချောင်း ဆည်မှရေပေးဝေးမှုကလည်း ရေလာအားနည်းသလို သောက်သုံးသူများပြားသောကြောင့် သောက်သုံးရေ တလုံးရဖို့ နာရီနဲ့ချီပြီး စောင့်ဆိုင်းနေကြရတယ်။ သောက်သုံးရေ ရှားပါးမှုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ထံတင်ပြထားတယ်။ တစ်စုံတစ်ရာအကြောင်းပြန်လာတာမရှိသေးဘူး။ အရပ်ဖက်အဖွဲ့စည်း တစ်ချို့ကိုလည်း အကူညီတောင်းခံထားတွေလည်းရှိတယ် သူတို့ကတော့ ကူညီဖို့ကြိုးစားနေတယ်လို့တော့ပြောတယ်”ဟုဆိုသည်။

အဆိုပါ သောက်သုံးရေရှားပါးမှုနှင့် ပတ်သတ်ပြီး ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်စွာညွှန့်အား Western News မှ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင် များ ရေရှိဖို့ ၃ မိုင်လောက်ဝေးသည့် ဇီချောင်းဆည်က ပိုက်တစ်လုံးဖြင့် သွယ်တန်းထားရပြီး ယင်းက လာသည့်ရေအား ရရှိဖို့ ယခုကဲ့သို့ အချိန်ကြာစောင့်ဆိုင်းရခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များက ပြောသည်။

အဆိုပါစစ်ဘေးရှောင်စခန်းတွင် မသန့်ရှင်းသည့်ရေများအား သုံးစွဲနေကြရ၍ ကလေးများမှ ဝမ်းလျှော ဝမ်းပျက်များဖြစ်ပွါးနေသည်ဟု စစ်ဘေးရှောင်တစ်ဦးဖြစ်သည့် ဒေါ်သွယ်သွယ်လှိုင်က Western News ကိုပြောသည်။

“ကျွန်မတို့မှာ သောက်ရေတစ်လုံးရဖို့အတွက် ဇီးချောင်းဆည်ကပေးတဲ့ ရေပိုက်မှာ နာရီနဲ့ချီပြီး စောင့်ဆိုင်းကြရတယ်။ စခန်းမှာက လူတွေများတော့ ရေလာတာက နည်းပြီး သုံးစွဲသူကများနေကြတယ်။ သောက်ရေမရတဲ့ နေ့ရက်တွေတောင်ရှိတယ်။ သုံးရေကတော့ ကန်တွေမှာ ချောင်းရေတွေ သွင်းထားတော့ မသန့်ရှင်းဘဲ သုံးကြရတာပဲလေ”ဟုပြောသည်။

အဆိုပါ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ပလက်ဝမြို့နယ် မှ ကျေးရွာပေါင်း ၂၃ ရွာမှ စစ်ဘေးရှောင် အိမ်ထောင်စုပေါင်း ၈၀၀ ကျော်မှ လူဦးရေ ၃၀၀၀ ကျော်ခန့်ခိုလှုံလျှက်ရှိကြသည်။

https://www.facebook.com/westernnewsagency/posts/462861762187000

Leave a Reply

Your email address will not be published.