ကျောက်တော်မဟာမုနိဘုရားကြီး သိမ်တော်ပြုပြင်နေမှု‌ ၁ နှစ်အတွင်းမှာ ၂၅ ရာခိုင်နှုန်းကျော်ပြီးစီး

By Western News/ 2022 February 18

ရခိုင်ပြည်နယ် ကျော်တော်မြို့နယ်မှာ တည်ရှိသည့် မဟာမုနိဘုရားကြီး  သိမ်တော်ပြုပြင်တည်ဆောက်နေမှု ၁ နှစ်ကာလအတွင်းမှာ ၂၅  ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဟု  ဘုရားဂေါပက အဖွဲ့ဝင်များက ပြောသည်။

ကျောက်တော် မဟာမုနိဘုရားကြီး သိမ်တော်ကြီးကို  ခိုင်ခံမှုရှိပြီး ရာသီဥတု ဒဏ်ခံနိုင်ရန်အတွက် မြောက်ဦးဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒ ဦးဆောင်မှုဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

မဟာမုနိဘုရားကြီးပြုပြင်တည်ဆောက်နေမှုမှာ  ဘုရားသိမ်တော်ကြီးတစ်ခုလုံးကိုပြုပြင်မှာဖြစ်ပြီး သိမ်ခေါင်မိုးကို စတီးရွှေရောင်အဖြစ် ပြောင်းလဲပြုပြင်မှာဖြစ်သည်။ ထို့အတူ ဘုရားကြီးဂန္ဓကုဋီ တိုက်ထဲမှာရှိသည့် သိမ်တိုင်အားလုံးကို ရခိုင်လက်ရာ ဓညဝတီ မူအတိုင်း လှဲလှယ်မှာ ဖြစ်ပြီး အာရုံခံလေးသွယ်မှာ ရှိသည့် တိုင်လုံး ၆၈ လုံးကိုလည် အသစ်ပြုပြင်သွားမှာ ဖြစ်သည်။

လက်ရှိမှာ ဘုရားကြီး ဂန္ဓကုဋီ တိုက်ထဲမှာရှိသည့် တိုင်လုံးများနှင့်  အာရုံခံ လေးသွယ်က တောင်ဘက်ခြမ်းကို  စတင်ပြုလုပ်နေခြင်းဖြစ်ပြီး  ယခု ၁ နှစ်ပြည့်ချိန်မှာ (၂၅) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဟု ကျောက်တော်မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ ဥက္ကဌ ဦးသာလှအောင်က Western News ကိုပြောသည်။

“အခုကတော့ ဘုရားကြီး ဂန္ဓကုဋီ တိုက်ထဲက တိုင်လုံးတွေ ကိုပြုပြင်နေတယ်။ ‌အာရုံခံလေးသွယ်မှာလည်း တောင်ဘက်ကို စလုပ်နေပြီ။ အရှေ့ဘက် အနောက်ဘက် မြောက်ဘက် ခြမ်းတွေကတော့ ဘာမှ မလုပ်ရသေးဘူး။ တောင်ဖက်ကိုတော့ မိုးမကျမီမှာ အနည်းဆုံး မိုးလုံလေလုံဖြစ်ဖို့ ကြိုးစားပြီးတော့ အမြန်လုပ်နေကြတယ်။ အခုတစ်နှစ်ပြည့်ချိန်မှာ ၂၅ ရာခိုင်နှုန်းကျော်လောက်ပြီးနေပြီ ပြောလို့ရတယ်။အနည်းဆုံး ၄ နှစ် နီးပါး ကြာနိုင်တယ်လို့ ခန့်မှန်းတယ်” ဟု ပြောသည်။

ကျောက်တော်မဟာမုနိ ဘုရားကြီးသိမ်တော်ကြီးတည်ဆောက်နေမှုအတွက် ကုန်ကျငွေကို မြောက်ဦးဆရာတော်ကြီးမှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး ဆောက်လုပ်သည့် နေရာမှာရခိုင်မူ မပျက်စေရန် ရှေးဟောင်းသုတေသနက တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်။

သိမ်တော်ကြီးပြုပြင်တည်ဆောက်ဖို့အတွက် မြန်မာငွေ ကျပ်သိန်း ၁ သောင်းကုန်ကျနိုင်ဖို့ ခန့်မှန်းထားသော်လည်း ယခုချိန်မှာ ကုန်စျေးနှုန်းမြင့်မားနေမှုတွေကြောင့် ခန့်မှန်းငွေထက် ပိုမိုကုန်ကျနိုင်သည့် အခြေအနေမှာ ရှိနေခြင်းဖြစ်သည်။

ကျောက်တော်မဟာမုနိဘုရားကြီးကို နေ့စဥ်မနက် ၅ နာရီမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ထားပြီး ဘုရားဖူးဧည့်သည် ၂၀၀ ဝန်းကျင် နေ့စဥ် ပုံမှန် လာရောက်ဖူးမြော်နေကြခြင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/467839228355920

Leave a Reply

Your email address will not be published.