ကိုမင်းကိုဦးအမှုကို လာမည့်ရုံးချိန်းတွင် စွဲချက်တင်သင့်၊ မတင်သင့် လျှောက်လဲချက်ပေးမည်

By Development Media Group (DMG)/ 2022 February 28

PDF အဖွဲ့ဖြင့်ဆက်စပ်သည်ဟုစွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် တောင်ကုတ်လူငယ်ကွန်ယက်ဥက္ကဋ္ဌ ကိုမင်းကိုဦးအမှုတွင် လိုပြသက်သေများကိုစစ်ဆေးပြီးဖြစ်သဖြင့် လာမည့်ရုံးချိန်းတွင် လျှောက်လဲချက်ပေးမည်ဖြစ်ကြောင်း ရှေ့နေထံမှ သိရသည်။

၎င်းအမှုတွင် လိုပြသက်သေ ၉ ဦးရှိပြီး အမှုကို ရက်ပေါင်း ၁၁၀ အတွင်း အပြီးသတ်စစ်ဆေးရန် မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။

လာမည့်မတ်လ ၁၀ ရက်နေ့တွင် ကိုမင်းကိုဦးအမှုကို စွဲချက်တင်သင့်၊ မတင်သင့်လျှောက်လဲချက်ပေးရန် ရုံးချိန်းထားကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်ကပြောသည်။

ကိုမင်းကိုဦးကို PDF အဖွဲ့အား ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၁၄)ရက်နေ့တွင် ၎င်း၏နေအိမ်မှဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)ဖြင့် တောင်ကုတ်ရဲစခန်းမှ ဒုရဲမှူးဇော်လတ်မှ တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့သည်။

ကိုမင်းကိုဦးအားစွပ်စွဲချက်မှာ ခိုင်မာမှုမရှိသည့်အတွက် စွဲချက်မတင်သင့်ကြောင်း ရှေ့နေဒေါ်သင်္ဂီမောင်က ပြောသည်။

“အမှုစစ်ဆေးချက်နဲ့ လုပ်ထုံးလုပ်နည်းဥပဒေတွေအရ တင်ပြတဲ့သက်သေအထောက်အထားတွေက ကိုမင်းကိုဦး PDF အဖွဲ့ကို ဆက်သွယ်ထောက်ပံ့တယ်ဆိုတာ မပေါ်လွင်တဲ့အတွက် စွဲချက်မတင်သင့်ဆိုတာကို လာမည့်ရုံးချိန်းမှာ လျှောက်လဲချက်ပေးသွားမှာဖြစ်တယ်”ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် PDF နှင့်ဆက်စပ်သည်ဟုဆိုသည့် သံသယဖြင့်ဖမ်းဆီးခံရပြီး တရားရင်ဆိုင်နေရသူ ၁၀ ဦးထက်မနည်းရှိသည်။

ယင်းအထဲမှ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာမင်းဒီပါကို ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် မြောက်ဦးခရိုင်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည်။

https://www.facebook.com/dmgnewsagency/posts/2235851456567253

Leave a Reply

Your email address will not be published.