By Western News/ 2022 January 22
ချင်းပြည်နယ် ပလက်ဝဘက်မှ စစ်တပ်က အလံဖြူထောင်ထားသည့် သတင်းရေးသားဖော်ပြမှုနှင့် ပတ်သက်၍ Western News မှ အယ်ဒီတာချုပ်နှင့် သတင်းထောက် ၁ ဦးတို့အား ဗိုလ်မှူးဘုန်းမြင့်ကျော်က စစ်တွေခရိုင်တရားရုံတွင် ဦးတိုက်လျှောက်ထားကြောင်းသိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့က ချင်းပြည်နယ် ပလက်ဝအခြေစိုက် ခြေလျင်တပ်ရင်း ခလရ(၂၈၉) တပ်၏ တောင်ကုန်းတစ်ခုပေါ်တွင် အလံဖြူထောင်ထားသည်ကို တွေ့မြင်ရကြောင်းကို Western News သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
ယင်းသတင်းရေးသားမှုနှင့်ပတ်သက်၍ Western News သတင်းဌာနမှ အယ်ဒီတာချုပ်ဖြစ်သူ ဦးဝဏ္ဏခွာညိုနှင့် သတင်းထောက်တစ်ဦးကိုလည်း တရားစွဲဆိုနိုင်ဖို့ စစ်တပ်က ဗိုလ်မှူးဘုန်းမြင့်ကျော်က စစ်တွေခရိုင်တရားရုံတွင် ဦးတိုက်လျှောက်ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှပြောသည်။
“တရားလိုကတော့ စစ်တပ်ကဗိုလ်မှူးဘုန်းမြင့်ကျော်ပါ။ အမှုခေါ်စာအရဆိုရင် Western News က အယ်ဒီတာချုပ်နဲ့ သတင်းထောက်တစ်ယောက်ကို ဦးတိုက်လျှောက်ထားတာတွေ့ရတယ်။ ခုလောလောဆယ်တော့ အမှုကမှန် မမှန်ဆိုတာကို ရဲကနေပြီး တရားလိုတွေကို စစ်ဆေးနေဆဲပေါ့။ စစ်ဆေးပြီးလို့ တရားရုံးက အရေးယူမယ်ဆိုရင် တရားခံတွေကို ဆင့်ခေါ်တော့မှာ။ တရားရုံးက အခုကတော့ ကနဦးစစ်ဆေးနေဆဲလို့ ပြောလို့ရတာပေါ့” ဟုပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်နေ့ ပြည်နယ်စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပလက်ဝသတင်းရေးသားမှုနှင့် ပတ်သက်၍ Western News ကို ဦးတိုက်လျှောက်ထားကြောင်း သတင်းထောက်များကို ပြောဆိုခဲ့သည်။
စစ်ကောင်စီက တရားရေးဆိုင်ရာများကို ခြယ်လှယ်မှုရှိနေပြီး တရားဥပဒေဆိုသည်မှာလည်း စစ်ကောင်စီ၏ အကျိုးစီးပွားအတွက်သာဖြစ်နေသည့်အတွက် လက်ခံနိုင်စရာမရှိဟု Western News သတင်းဌာနမှ လက်ထောက်အယ်ဒီတာဖြစ်သူ ဦးထွန်းသာက ပြောသည်။
“မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေက စစ်တပ်ရဲ့အာဏာသိမ်းမှုအောက်မှာရှိနေတာဆိုတော့ ဥပဒေပြုရေး၊ တရားစီရင်ရေးပိုင်းတွေကလည်း စစ်တပ်ကခြယ်လှယ်နေတဲ့ အခြေနေရှိတာပေါ့။ ဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာ တရားတာတွေဖြစ်လာမယ်လို့ ကျနော်တို့မယုံဘူး။ သူတို့တရားဥပဒေဆိုတာကလည်း စစ်ကောင်စီရဲ့အကျိုးစီးပွားအတွက်ပဲဖြစ်တယ်။ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ချမှတ်ထားတဲ့ဥပဒေမဟုတ်ဘူး။ ဒီတော့ သူတို့စွဲတဲ့ တရားကိုလည်း ကျနော်တို့ဘက်က လက်ခံနိုင်စရာမရှိပါဘူး။ သူတို့တွေမတရားလုပ်နေတယ်ဆိုတာ ကျနော်တို့ Western News ကိုတရားစွဲမှ ကျနော်တို့ပြောတာမျိုးမဟုတ်ဘူး။ ဒီမိုကရစီလမ်ကြောင်းကနေ အာဏာရှင်စနစ်ကို ကူးလိုက်ကတည်းက သူတို့လုပ်နေတဲ့ လမ်းစဉ်တွေဟာ တရားမျှတမှုမရှိတော့တာ” ဟုပြောသည်။
ယင်းသတင်းပြောဆိုမှုနှင့် ပတ်သက်၍ ပလက်ဝဒေသခံနှစ်ဦးဖြစ်ကြသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ဓာတ်မှန်ကျွမ်းကျင်ဝန်ထမ်း ကိုတင်ထွန်းအောင်နှင့် ပညာရေးဝန်ကြီးဌာန အထွေထွေကျောင်းလုပ်သား ကိုတင်ဦးတို့ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရင်နေ့က ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံခဲ့သည့်ထဲမှ ကိုတင်ဦး ကို ခံဝန်ဖြင့် ပြန်လွတ်ပေးခဲ့သော်လည်း ကိုတင်ထွန်းအောင်ကမူ ပလက်ဝမြို့မရဲစခန်းတွင် ဆူပူအောင်လှုံ့ဆော်မှုဖြင့်ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံခဲ့ရသည်။
အဆိုပါ အလံဖြူထောင်ထားသည်ဟူသည့် အကြောင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရအား သတင်းရေးသားသည့်နေ့၌ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသည့်အတွက် ၎င်းတို့ဖက်မှ ပြောဆိုချက်အား ဖော်ပြနိုင်ခြင်းမရှိခဲ့ပေ။
လက်ရှိ Western News မှ အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦးအားစွဲဆိုထားသည့် ဥပဒေပုဒ်မ ၁၂၄ (က) မှာ ထောင်ဒဏ် နှစ် ၂၀ ပြစ်ဒဏ်ချမှတ်နိုင်ပြီးအနိမ့်ဆုံးပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် ၃ နှစ်နှင့် ငွေဒဏ်များချမှတ်နိုင်သည်။
ရခိုင်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်သည့် DEVELOPMENT MEDIA GROUP (DMG) သတင်းဌာန၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ-၁၇/၂ ဖြင့် တရားစွဲဆိုထားသည်။
ယင်းအပြင် DMG သတင်းဌာနမှ ဒုတိယတာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနှင့် သတင်းထောက် မနှင်းနွယ်တို့ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆(ဃ)၊ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၅၀၅(က) တို့နှင့် စစ်တွေမြို့၊ အမှတ် (၂) နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားသည်။
https://www.facebook.com/westernnewsagency/posts/451454046661105