By Narinjara/ 2022 January 12
မြထွီးသျှင်
PDF သံသယဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ ဦးစိန်ချစ်နှင့် ငပလီမြို့မှ ကိုရဲနိုင်ဦးတို့အမှုတွင် မအူပင်မှလိုပြသက်သေ ၃ ဦးအနက် ၁ ဦးကိုသာ စစ်ဆေးခဲ့ရသည်ဟု သိရသည်။
ဦးစိန်ချစ်တို့အား ယနေ့ ဇန်နဝါရီလ ၁၂ ရက်တွင် သံတွဲမြို့နယ်တရားရုံး၌ရုံးထုတ်ရာ မအူပင်မှလိုပြသက်သေ ၃ ဦးအနက် ၁ ဦးကိုသာ စစ်ဆေးခဲ့ရခြင်းဖြစ်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဒေါ်သင်္ဂီမောင်က နိရဥ္စရာသို့ပြောသည်။
“ဒီနေ့သက်သေ ၁ ယောက်စစ်တယ်။ မအူပင်က PDF လို့စွပ်စွဲခံထားရတဲ့ ကလေးကို ဒီနေ့စစ်တယ်။ ပြီးတော့ မအူပင်က စရဖနှစ်ယောက်ကတော့ ကျန်သေးတာပေါ့နော်။ စရဖအဖွဲ့တွေကတော့ သူတို့အလုပ်တွေနဲ့မို့လာလို့ အဆင်မပြေလို့တော့ ပြောတာပဲ” ဟုပြောသည်။
စစ်ဆေးရန်ကျန်နေသေးသည့် လိုပြသက်သေ စရဖ ၂ ဦးကို လာမည့် ဇန်နဝါရီလ ၁၉ ရက်ရုံးချိန်းတွင် ဆက်လက်စစ်ဆေးသွားမည်ဟုလည်း သိရသည်။
တရားစွဲခံထားရသူ ၂ ဦးအနက် သံတွဲမြို့တွင် လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသည့် ဦးစိန်ချစ် (၄၂ နှစ်)ကို အောက်တိုဘာလ ၉ ရက်၊ ည ၁၀ နာရီခန့်တွင် သူ၏နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်။
အလားတူ ဦးစိန်ချစ်နှင့်အတူ လူမှုရေးလုပ်ကိုင်နေသူ ငပလီမြို့မှ ကိုရဲနိုင်ဦး (၂၄ နှစ်)ကို အောက်တိုဘာလ ၂၃ ရက် နေ့လယ် ၂ နာရီခန့်တွင် ငပလီရှိ ဟိုတယ်တစ်ခုရှေ့တွင် သူမောင်းနေသည့် သုံးဘီးတုတ်တုတ်ကို ဂိတ်ထိုးရပ်နားနေစဉ် ရဲတပ်ဖွဲ့ကလာရောက်ခေါ်ယူသွားခြင်းဖြစ်သည်။
ယင်းနောက် ၄င်းတို့ ၂ ဦးကို ခလရ (၅၅)တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က) နှင့်အမှုဖွင့်ထားပြီး လက်ရှိအချိန်တွင် သံတွဲအကျဉ်းထောင်တွင် ထိန်းသိမ်းစစ်ဆေးနေကြောင်း သိရသည်။
လက်ရှိတွင် ၄င်းတို့ ၂ ဦးအပါအဝင် ရခိုင်ပြည်နယ်အတွင်း PDF နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ သံတွဲတွင် ၃ ဦး၊ ငပလီတွင် ၂ ဦး၊ မြောက်ဦးတွင် ၁ ဦးနှင့် တောင်ကုတ်တွင် ၂ ဦး၊ စုစုပေါင်း ၈ ဦးအထိရှိနေပြီဟု သိရသည်။
https://www.facebook.com/narinjara.info/posts/5086755498003153