By Western News/ 2022 January 11

PDF ကိုထောက်ပံ့သည်ဟု ဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့်တရားစွဲခံထားရသည့် တောင်ကုတ်လူငယ်ကွန်ရက် ဥက္ကဋ္ဌ ကိုမင်းကိုဦးကို ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ရုံးချိန်းတွင် ရှေ့နေ့လွှဲစာတင်ခဲ့သည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေကပြောသည်။
ယနေ့ရုံးချိန်းတွင် သံတွဲခရိုင်တရားရုံး ဒု-ခရိုင်တရားသူကြီး တရားခွင်၌အမှုတင်ခဲ့ပြီး ရှေ့နေလွှဲစာပါတင်ခဲ့သလို အမှု မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးလုပ်ရန်အတွက် ဇန်နဝါရီ ၁၉ ရက်နေ့သို့ရုံးချိန်းထပ်မံချိန်းဆိုလိုက်သည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က Western News ကိုပြောသည်။
“ဒီနေ့ရုံးချိန်းမှာတော့ အမှုစစ်ဆေးဖို့အတွက် သံတွဲခရိုင်တရားရုံး ဒု-ခရိုင်တရားသူကြီးတရားခွင်ကို အမှုရောက်ရှိပါတယ်။ နောက် မှုခင်းစီမံခန့်ခွဲမှုအစည်းဝေးလုပ်ဖို့အတွက် ဇန်နဝါရီလ ၁၉ ရက်နေ့ကို ထပ်ချိန်းလိုက်ပါတယ်။ ဒီနေ့မှာတော့ ကျွန်မဖက်ဘက်က ကိုမင်းကိုဦးရဲ့ အမှုအတွက်ရှေ့နေလွှဲစာတင်သွင်းမှုတွေပြုလုပ်ခဲ့ပါတယ်”ဟုပြောသည်။
ကိုမင်းကိုဦးအား CRPH၊ PDF တို့အားငွေကြေးထောက်ပံ့သည်ဟုဆိုကာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက ၎င်း၏နေအိမ်မှဖမ်းဆီးသွားပြီး သံတွဲခရိုင်တရားရုံးတွင် တောင်ကုတ်မြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်လတ်က တရားလိုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
ဖမ်းဆီးတရားစွဲခံထားရသည့် ကိုမင်းကိုဦးမှာ တောင်ကုတ်မြို့တွင် ပရဟိတလုပ်ငန်းများ၊ ကိုဗစ်ကာလတွင် ကျပ်တည်းနေသူများအား ကူညီထောက်ပံ့မှုများပြုလုပ်နေသည့် တောင်ကုတ်လူငယ်ကွန်ရက် ဥက္ကဋ္ဌတစ်ဦးဖြစ်သည်။
ကိုမင်းကိုဦးအပါဝင် PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် လူငယ်များအားပြန်လည်လွှတ်ပေးရန်လ ရခိုင်ပြည်လုံးဆိုင်ရာလူငယ်များ-ကွန်ရက် ( AAYON) မှဇန်နဝါရီလ ၇ ရက်နေ့ကထုတ်ပြန်ချက်တစ်စောင့်ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အတွင်းတွင် ဒေသဖွံ့ဖြိုးရေးကိုဦးဆောင်လုပ်ကိုင်နေကြသော လူငယ်များအား သက်သေအထောက်အထားတစ်စုံတစ်ရာခိုင်လုံမှုမရှိဘဲ PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့စည်းများကွန်ရက်၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော တောင်ကုတ်မြို့နယ် လူငယ်များကွန်ရက် ဥက္ကဋ္ဌဖြစ်သူ ကိုမင်းကိုဦးစစ်ကောင်စီက ဖမ်းဆီးထားကြောင်းထုတ်ပြန်သည်။
ထိုကြောင့် စစ်ကောင်စီအနေဖြင့် ယခုကဲသို့ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်နေသော ကိုမင်းကိုဦးအား သံသယဖြင့်စွပ်စွဲခြင်းအပေါ် ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများကွန်ရက်မှ ပြင်းထန်စွာရှုံ့ချပြီး ၎င်းအား ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။
ရခိုင်ပြည်နယ်တွင် PDF နှင့်ဆက်စပ်သည်ဟုဆိုကာအကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ ၈ ဦးထိရှိလာပြီးဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/444987203974456