By VOA / 2022 January 19

NLD အစိုးရလက်ထက် ရခိုင်ဝန်ကြီးချုပ် ဦးညီပုကို အဂတိအမှု၃မှုအတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၉နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ သူအပါအဝင် NLD အစိုးရလက်ထက် ပြည်နယ်ဝန်ကြီးတာဝန်ယူခဲ့သူ ၅ ဦးကိုလည်း အဂတိမှုနဲ့ နှစ်ရှည်ထောင်ဒဏ်အသီးသီးချမှတ်လိုက်တာပါ။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ဇန်နဝါရီ ၁၉ ရက် စစ်တွေအကျဉ်းထောင်အထူးတရားရုံးက ဦးညီပုကို အဂတိမှုတွေနဲ့ ထောင်ဒဏ် ၉နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ ဦးညီပုအပါအဝင် ရခိုင်အစိုးရ ပြည်နယ်ဝန်ကြီးတချို့ကိုပါ ဒီကနေ့ အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ ရှေ့နေတဦးကပြောပါတယ်။
“အဂတိအမှုနဲ့ကျတော့ ၃မှုစွဲခံထားရတာပေါ့နော် ။ ၃မှုမှာ ဦးညီပုက ၃နှစ် ၃နှစ်ဆီချခံရတာပေါ့။ အမှု အမှတ် ၁မှာကျတော့ ဦးညီပုရယ်၊ ဦးအောင်ကျော်ဇံ၊ ဦးကျော်အေးသိန်း၊ ဦးကျော်လွင်။ ၄ယောက်ပေါ့ နော်။ အမှုနံပါတ် ၂မှာကျတော့ ဦးကျော်လွင်မပါတော့ဘူး။ ၃မှာလည်း ဦးကျော်လွင်မပါတော့ဘူး။ အမှု ၄ကကျတော့ ဦးမင်းအောင်။ သူကတော့ ရနှစ်ပါ။ issue ကမတူဘူး။ ဦးကျော်လွင်ကျတော့ အမှု ၁မှုထဲ ပါလို့ ၃နှစ်ပါဘဲ။ ဦးအောင်ကျော်ဇံကတော့ ၉နှစ်ပေါ့ ။ တမှုမှာ ၃နှစ်ဆီဆိုတော့ ၃မှုစွဲခံထားရတာပေါ့။ ဦး ကျော်အေးသန်းကျတော့ ၉နှစ်ပေါ့ ။တမှုမှာ ၃နှစ်ဆီဆိုတော့ ၃မှုစွဲခံထားရတာပေါ့။ နောက်တယောက်က တော့ဦးမင်းအောင်သူက ရနှစ်ပါ။ )
ဦးညီပုအပါအဝင် လျှပ်စစ် စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာ အခွန် စီမံကိန်းနဲ့ စီးပွားရေး ဝန်ကြီးဟောင်း ဦးကျော်အေးသိန်းတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၃ မှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ စိုက်ပျိုး မွေးမြူရေး၊ သစ်တောနဲ့ သတ္တု ဝန်ကြီး ဦးကျော်လွင်နဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင်ကိုတော့ ဦးညီပုနဲ့အတူ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅နဲ့ စွဲဆိုခဲ့တာပါ။
ဦးညီပုအပါအဝင် ဝန်ကြီး ၄ဦးတို့ကို ဂုံသောင် တန်ဖိုးနည်းမြေကွက်ဖော်ဆောင်ရာတွင် ညွှန်ကြားချက်ပါ တင်ဒါစည်းမျည်းစည်းကမ်းများဖြင့် ကိုက်ညီမှုမရှိဘဲ လုပ်ဆောင်ခဲ့မှု၊ အစိုးရပိုင် အဆောက်အဦး ၃ ခုကို ပြည်သူကို ငှားရမ်းမှုစတဲ့ တင်ဒါကိစ္စနဲ့ပတ်သတ်မှုတွေမှာ လုပ်ငန်းစည်းမျဉ်းမကိုက်ညီဘဲ ချပေးတယ်လို့စွပ်စွဲချက်တွေတင်ခဲ့ပါတယ်။ ဝန်ကြီး ဦးမင်းအောင်တယောက်ထဲကိုတော့ အစိုးရရန်ပုံငွေတွင်ပါဝင်ခြင်းမရှိဘဲ၊ ပြည်နယ်လွှတ်တော်ခွင့်ပြုချက်မရှိဘဲ တောင်ကုတ်မြို့မဈေးအပါအဝင် ဈေး(၅)ခုကို တင်ဒါစည်းကမ်းနဲ့မညီဘဲ လုပ်ကိုင်ခွင့်ပေးမှု ကိစ္စနဲ့ပတ်သတ်လို့ တရားစွဲခဲ့တာပါ။
အခုလိုအမိန့်ချတာနဲ့ပတ်သတ်လို့ တရားရုံးအမိန့်အပေါ်ပြင်ဆင်ချက် တက်မယ်လို့ရှေ့နေကပြောပါ တယ်။
“တရားသူကြီးဆုံးဖြတ်တာတော့တွေ့တယ်ပေါ့ ။သူတို့လုပ်တာလည်းအကောင်းဘက်က ဆောင်ရွက် ပေမယ့် လုပ်ထုံးလုပ်နည်းတိုင်းမလုပ်လို့ဆိုပြီးအမိန့်ချတာပေါ့ဗျ။ အယူခံတက်ဖို့တော့ရှိပါတယ်ဗျ။ ကျနော်တို့ရုံးက ၂ယောက်ပေါ့ ဦးညီပုနဲ့ဦးမင်းအောင်နဲ့။ သူတို့၂ယောက်အတွက်လိုက်ပေးတာပေါ့။ ကျန်းမာရေးကောင်းပါတယ်ဗျ။”
ဦးညီပုနဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင်တို့ကို ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ပုဒ်မတခုနဲ့ ထပ်တိုးတရားစွဲဆိုထား တာရှိပါတယ်။ NLD အစိုးရလက်ထက် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင် တာဝန်ရှိသူအတော်များများကို စစ်ကောင်စီက ရွေးကောက်ပွဲဆိုင်ရာ ပုဒ်မ တစ်ခုဖြစ်တဲ့ ၁၃ဝ(က)ဖြင့် ဒီဇင်ဘာ ၂၂ ရက်နေ့ကထပ်မံတရားစွဲဆိုထားပါတယ်။ ဒီအမှုကိုလာမယ့် ဇန်နဝါရီလ ၂၄ရက်နေ့မှာ ရုံးထုတ်သွားဖို့ရှိပါတယ်။
အခု တရားရုံးအမိန့်မချခင်တုန်းကတော့ ဦးညီပုဟာ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်ဆောင်မှု ပုဒ်မ ၅၀၅-ခ အမှုနဲ့ အောက်တိုဘာ ၈ ရက်နေ့က ထောင် နှစ်နှစ် ချမှတ်ခံထားရပါတယ်။ စည်ပင်သာယာရေး ဝန်ကြီးဟောင်း ဖြစ်တဲ့ ဦးမင်းအောင်ကတော့ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲ ဦးဆောင်မှုနဲ့ ငြိမ်းစုစီပုဒ်မ ၁၉၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ တို့နဲ့ တောင်ကုတ်မြို့နယ် တရားရုံးမှာ တရား စွဲခံထားရပြီး အဲ့ဒီအမှု နှစ်ခုအတွက် ထောင်ဒဏ် ၂ နှစ်နဲ့ ၂ လစီ ချမှတ်ခံထားရပါတယ်။
https://www.facebook.com/VoA.Burmese.News/posts/10159674133115170