DEVELOPMENT MEDIA GROUP (DMG) ဖွဲ့စည်းတည်ထောင်ခြင်း (၁၀) နှစ်ပြည့် သတင်းထုတ်ပြန်ချက်

By Development Media Group (DMG)/ 2022 January 7

Development Media Group (DMG) ကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့တွင် စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့ဆိုလျှင် (၁၀) နှစ် ပြည့်မြောက် ခဲ့ပြီဖြစ်သည်။ (၁၀) နှစ်တာကာလအတွင်း DMG သတင်းဌာနအနေဖြင့် အများပြည်သူ သိသင့်သိထိုက် သော သတင်းအချက်အလက်များအား DMG WEEKLY NEWS နှင့် နေ့စဉ် DMG ONLINE RADIO အစီအစဉ်များကို မိမိတို့ အင်တာနက်စာမျက်နှာနှင့် လူမှုကွန်ယက်စာမျက်နှာများမှ တစ်ဆင့် ဘက် မလိုက်ဘဲ တင်ပြနိုင်ခဲ့သည့်နည်းတူ လွတ်လပ်သည့်သတင်းဌာနတစ်ခုအနေဖြင့် ခိုင်မာစွာရပ်တည်နိုင် ခဲ့ပြီး ငွေကြေးအခက်အခဲနှင့် စိန်ခေါ်မှုပေါင်း မြောက်မြားစွာကိုလည်း ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပေသည်။

ထို့အပြင် သတင်းမီဒီယာဆိုသည့်အတိုင်း မိမိတို့သတင်းဌာနအနေဖြင့် သတင်းမီဒီယာတစ်ခု၏ ကျင့်ဝတ်၊ ဂုဏ်ပုဒ်နှင့်အညီ ရပ်တည်နိုင်ခဲ့သည့်အပြင် တိုင်းပြည်နှင့် နိုင်ငံသားများအတွက်လိုအပ်သည့် ကြားခံဆက်သွယ်ရေး ကိရိယာတစ်ခုအဖြစ် ရပ်တည်ပေးနိုင်ခဲ့ပေသည်။ ဆက်လက်ပြီးလည်း ပြည်သူ များ သတင်းသိပိုင်ခွင့်အတွက် ဘက်လိုက်မှုကင်းပြီး မှန်ကန်တိကျသည့်သတင်းများကို တင်ဆက်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း အလေးအနက်ထား ကတိပြုအပ်ပါသည်။

မိမိတို့ မီဒီယာအဖွဲ့အစည်းသည် ပြည်သူများသတင်းသိပိုင်ခွင့်အတွက် အစဉ်အမြဲတိုက်ပွဲဝင် နေသကဲ့သို့ တစ်ဖက်တွင်လည်း သတင်းရေးသားဖော်ပြမှုတို့ကြောင့် အာဏာပိုင်များ၏ တရားစွဲဆိုမှု များနှင့်ကြုံတွေ့နေရသည်။ ၂၀၁၉ ခုနှစ်၊ မေလ (၁) ရက်နေ့မှစ၍  DMG သတင်းဌာန၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးနှင့် သတင်းဌာနအား သတင်းအထူးတပ်ဖွဲ့ (SB) မှ တရားလိုပြုလုပ်၍ မတရားအသင်း ဆက်သွယ်မှုပုဒ်မ-၁၇/၂ ဖြင့် တရားစွဲဆိုထားမှုကို ရင်ဆိုင်နေရပေသည်။

ထို့ပြင် ဒုတိယတာဝန်ခံ အယ်ဒီတာ ကိုနေဝင်းစံနှင့် သတင်းထောက် မနှင်းနွယ်တို့ကိုလည်း ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆(ဃ)၊ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၅၀၅(က)တို့ဖြင့် စစ်တွေ မြို့၊ အမှတ် (၂) နယ်မြေရဲစခန်းမှာ မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့တွင် အမှုဖွင့် ထားသည်။ အလားတူ DMG ၏ မောင်တောမြို့နယ်သတင်းထောက်ဖြစ်သော ကိုအောင်ကျော်မင်း ကိုလည်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)ဖြင့် အမှုဖွင့် လှစ်ခဲ့သည်။

တိုင်းပြည်တစ်ခုတွင် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်များ သည် မရှိမဖြစ်လိုအပ်သည့် မဏ္ဍိုင်ကြီး (၃) ရပ်ဖြစ်သကဲ့သို့ သတင်းမီဒီယာကိုလည်း မရှိမဖြစ်သော စတုတ္ထမဏ္ဍိုင်တစ်ခုအဖြစ် အသိအမှတ်ပြုလာကြသည်မှာ အစိုးရအချင်းချင်းအကြား၊ အစိုးရနှင့် ပြည်သူအကြား၊ ပြည်သူများအချင်းချင်းကြား နိစ္စဓူဝဖြစ်ပျက်နေသည့် အရေးကြီးပြီး ထူးခြားသည့် သတင်းအချက်အလက်များအား အချိန်မီသိရှိစေရန်နှင့် ရရှိစေရန်ဖြစ်သည်။ သတင်းမီဒီယာအခန်း ကဏ္ဍဖြင့် အစိုးရ၏စီမံခန့်ခွဲမှုများကို အများပြည်သူသိရှိသကဲ့သို့ ပြည်သူ့ဆန္ဒများကိုလည်း အစိုးရမှ နားထောင်နိုင်မည်ဖြစ်ပေသည်။ သို့မှသာ တိုင်းပြည်အတွင်း ဖွံ့ဖြိုးမှု၊ အေးချမ်းသာယာမှုနှင့် တရား ဥပဒေစိုးမိုးမှုကို အစိုးရနှင့်ပြည်သူများအကြား ဟန်ချက်ညီညီ လက်တွဲဖော်ဆောင်နိုင်မည်ဖြစ်ပေသည်။

မြန်မာနိုင်ငံသည် စစ်အာဏာရှင်များ အုပ်ချုပ်မှုအဆက်ဆက်ကြောင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေးများ လုံးဝကျဆင်းခဲ့သကဲ့သို့ သတင်းမီဒီယာလွတ်လပ်ခြင်းလည်း ကျဆင်းခဲ့ရသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်မှ စတင်ကာ ဒီမိုကရေစီခရီးလမ်းကိုစတင်ခဲ့ရာမှ မီဒီယာလွတ်လပ်ခွင့်လည်း အနည်းငယ်ရရှိလာသည်။ သို့သော် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရကို စစ်တပ်ကဖြုတ်ချပြီး အာဏာသိမ်းလိုက်သည်။

အာဏာသိမ်းမှုနှင့်အတူ သတင်းမီဒီယာလွတ်လပ်ခွင့်လည်း လုံးဝကျဆင်းသွားသည့် အခြေ အနေတွင်ရှိနေပြီး သတင်းသမားများလည်း လုံခြုံရေးအန္တရာယ်များနှင့်ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံ တွင် အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသည့် သတင်းသမားစုစုပေါင်း (၁၀၀) ဦးကျော်ရှိခဲ့ပြီး အချို့မှာ ယနေ့အထိဖမ်းဆီးခံထားရဆဲဖြစ်သည်။ သတင်းသမားများသည် မိမိအလုပ်ကို မိမိလုပ်ရင်း ဖမ်းဆီးခံ ရခြင်း၊ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရသည့် အနေအထားတွင်ရှိသည်။ သတင်းမီဒီယာများသည် တိုင်းပြည်၏ နားမျက်စိများဖြစ်ကြသည်။

ထို့ကြောင့် နိုင်ငံတော်အထူးလျှို့ဝှက်ချက်များမှအပ ဗဟိုနှင့်ပြည်နယ်အစိုးရများ စီမံဆောင် ရွက်နေသည့်လုပ်ငန်း ကိစ္စအဝဝတွင် ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နိုင်ရေးအတွက် သတင်းထောက် များနှင့် သတင်းမီဒီယာများအား လွတ်လပ်စွာသတင်းရယူခွင့်၊ သတင်းရေးသားဖြန့်ချိခွင့်များကို တိုးမြှင့်ပေးရန်နှင့် တရားစွဲဆိုခံထားရသော DMG မှ အယ်ဒီတာချုပ်  ဦးအောင်မင်းဦးအပါအဝင် တခြား သတင်းထောက်များနှင့် သတင်းဌာနများကို တရားစွဲဆိုထားခြင်းမှ အမြန်ဆုံးရုပ်သိမ်းပေးရန် ကျွန်ုပ်တို့ Development Media Group (DMG) မှ တိုက်တွန်း တောင်းဆိုအပ်ပါသည်။

ဆက်သွယ်ရန် – Development Media Group (DMG)

Phone – 09263669177, dmg.editorteam@gmail.com

https://www.facebook.com/dmgnewsagency/posts/2198621210290278

Leave a Reply

Your email address will not be published.