AA နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံထားရသည့် ကိုအောင်ဝင်းနိုင်အမှုတွင် လာမည့်ရုံးချိန်း၌ တရားခံပြသက်သေများကို စစ်ဆေးမည်

By Development Media Group (DMG)/ 2022 January 19

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံထားရပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁)ဖြင့် အမှုဖွင့်ခံထားရသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ ကိုအောင်ဝင်းနိုင်အမှုတွင် လာမည့်ရုံးချိန်းတွင် တရားခံပြသက်သေများကိုစစ်ဆေးမည်ဟု ၄င်း၏ရှေ့နေထံက သိရသည်။

တောင်ကုတ်မြို့၊ မိုးပညာဒါနကျောင်းဥက္ကဋ္ဌ ကိုအောင်ဝင်းနိုင်ကို ယမန်နေ့(ဇန်နဝါရီလ ၁၇ ရက်)က မြို့နယ်တရားရုံးတွင်စစ်ဆေးခဲ့ပြီး လာမည့်ဇန်နဝါရီလ ၂၇ ရက်နေ့တွင် တရားခံပြသက်သေများကို စတင်စစ်ဆေးသွားမည်ဖြစ်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ကြည်နိုင်က ပြောသည်။

အဆိုပါအမှုတွင် တရားခံပြသက်သေငါးဦးရှိသည့်အနက် လာမည့်ရုံးချိန်းတွင် သက်သေနှစ်ဦးကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုအောင်ဝင်းနိုင်ကို ပြီးခဲ့သည့်နှစ် ဇွန်လ ၅ ရက်နေ့က တောင်ကုတ်-သံတွဲသွားလမ်း ဖုံညိုတောင်စစ်ဆေးရေးဂိတ်အနီးတွင် မြန်မာစစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၄င်းကို မြန်မာစစ်တပ်ဘက်မှ ဗိုလ်ကြီးကျော်ဇင်ဦးက တရားလိုပြုလုပ်ကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်- ၁၇(၁)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ထို့ပြင် ၄င်းကိုမြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက တရားလိုပြုလုပ်ကာ လိုင်စင်မဲ့ကားမောင်းနှင်မှုဖြင့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ- ၈ ဖြင့်လည်း တရားစွဲဆိုထားသည်။

“၁၇(၁)အမှုကတော့ စွဲချက်တင်ထားပြီးပြီ။ လိုင်စင်မဲ့ကားမောင်နှင်မှုကတော့ စစ်ဆေးတုန်းပဲ၊ စွဲချက်မတင်သေးဘူး။ အဲဒီနှစ်မှုကို ရှေ့ဆင့်နောက်ဆင့်စွဲတာပဲ။ ၁၇(၁)ကိုအရင်စွဲပြီး လိုင်စင်မဲ့ကားမောင်းနှင်မှုကို နောက်မှစွဲတယ်”ဟု ရှေ့နေဦးအောင်ကြည်နိုင်က ပြောသည်။

လက်ရှိတွင် ကိုအောင်ဝင်းနိုင်သည် တောင်ကုတ်မြို့နယ်ရဲစခန်းတွင်ထိန်းသိမ်းထားပြီး ရင်ဘက်အောင့်သည့်ဝေဒနာကို ခံစားနေရသောကြောင့် ဆေးခန်းပြရသဖြင့် ငွေကြေးအခက်အခဲဖြစ်ပေါ်နေသည်ဟု ဇနီးဖြစ်သူ ဒေါ်တွယ်တာစိုးက DMG ကိုပြောသည်။

“ဘာတစ်ခုမှအပြစ်မရှိပဲ ဖမ်းခံထားရတာ ၈ လလောက်ရှိပြီ။ ကျွန်မတို့အိမ်မှာက ကလေးနှစ်ယောက်နဲ့လေ။ စားဝတ်နေရေးကအစအခက်အခဲရှိတယ်။ သူ့ကို ထမင်းမနက်တစ်ကြိမ်၊ ညတစ်ကြိမ်လည်းသွားပို့ရတယ်။ သူလည်း ကျန်းမာရေးမကောင်းဘူ။ ရင်ဘက်ခဏခဏအောင့်လို့ဆေးခန်းပြရတယ်။ ဆေးတွေဝယ်ပေးရတယ်။ အခက်အခဲကတော့ အများကြီးပဲ”ဟု ၄င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ပြီးခဲ့သည့် ၂၀၁၈ ခု နှစ်ကုန်ပိုင်းမှစတင်ကာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် AA နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံရသူ အမြောက်အများရှိခဲ့သည်။

၂၀၂၁ ခုနှစ်တွင် မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းပြီးနောက် AA ကို အကြမ်းဖမ်အဖွဲ့မှပယ်ဖျက်ခဲ့ကာ AA နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံရသူတစ်ချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း စုစုပေါင်း ၁၁၀ ဦးခန့်ကို ဆက်လက်ဖမ်းဆီးတရားစွဲဆိုထားသည်ဟု စာရင်းပြုစုထားသည့် စာရေးဆရာဝေဟင်အောင်ထံက သိရသည်။

https://www.facebook.com/dmgnewsagency/posts/2205833046235761

Leave a Reply

Your email address will not be published.