By Narinjara/ 2022 January 19
မြထွီးသျှင်

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုပုဒ်မများဖြင့် စွဲချက်တင်ခံနေရသည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာသားများအား ယနေ့တွင် စတင်စစ်ဆေးခဲ့သည်ဟု သိရသည်။
ကျောက်ဆိပ်ရွာသား ၅ ဦးအနက် ၂ ဦးကို ယနေ့ ဇန်နဝါရီလ ၁၉ ရက်တွင် စစ်တွေခရိုင်တရားရုံး၌ စတင်စစ်ဆေးခဲ့ပြီး ကျန် ၃ ဦးကို လာမည့် ဖေဖော်ဝါရီလ ၂ ရက်ရုံးချိန်းတွင် ဆက်လက်စစ်ဆေးသွားမည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးလှအောင်သိန်းက နိရဥ္စရာကို ပြောသည်။
“ဒီနေ့ရုံးချိန်းမှာ စွပ်စွဲခံရသူ ကိုမျိုးလင်းဦးနဲ့ ကိုညီညီအောင်တို့ နှစ်ယောက်ကို စစ်ပါတယ်။ ၂ ရက်နေ့မှာ ထပ်ပြီးတော့ စွပ်စွဲခံရတဲ့တရားခံတွေကို စစ်ဖို့ချိန်းလိုက်ပါတယ်”ဟု ပြောသည်။
အကြမ်းဖက်မှုပုဒ်မများဖြင့် စွဲချက်တင်ခံနေရသူများမှာ ကိုညီညီအောင်(၂၄)နှစ်၊ ကိုမျိုးလင်းဦး (၂၄)နှစ်၊ ကိုမောင်ချေ(၂၄)နှစ်၊ ကိုမင်းစိုး(၃၈)နှစ်နှင့် ကိုကျော်ဝင်းဟိန်း(၂၂)နှစ်တို့ဖြစ်သည်။
၄င်းတို့သည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၉ ရက်တွင် ကျောက်ဆိပ်ကျေးရွာသား ၃၈ ဦးကိုစစ်တပ်ကဖမ်းဆီးခဲ့ရာတွင် ပါဝင်ခဲ့သူများဖြစ်သည်။
စတင်ဖမ်းဆီးခဲ့ပြီးနောက် ရွာသား ၃၃ ဦးကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း ကျန် ၅ ဦးကို ပုဏ္ဏားကျွန်းမြို့ ခမရ ၅၀၅ တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းကတရားလိုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပေဒပုဒ္မ ၅၀(ည)၊ ၅၂(က)တို့ဖြင့် စစ်တွေခရိုင်တရားရုံးတွင် ၂၀၂၀ ပြည့်နှစ် မေလ ၂၂ ရက်၌ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ၎င်းတို့အား ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်တွင် စစ်တွေခရိုင်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများဖြစ်သော ၅၀ (ည)၊ ၅၂ (က)တို့ဖြင့် စွဲချက်တင်ခဲ့သည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/5117471888264847