AA နှင့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် စွဲချက်တင်ခံထားရသည့် ဦးအောင်ဝင်းနိုင်အား စတင်စစ်ဆေး

By Narinjara/ 2022 January 17

မြထွီးသျှင်

AA နှင့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် စွဲချက်တင်ခံထားရသည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ မိုးပညာဒါနကျောင်းဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်အား စွဲချက်တင်ပြီးနောက် ယနေ့ရုံးချိန်းတွင် စတင်စစ်ဆေးခဲ့သည်ဟု သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၇ ရက်က တောင်ကုတ်မြို့နယ်တရားရုံးတွင် စစ်ဆေးခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးအောင်ကြည်နိုင်က နိရဥ္စရာသို့ပြောသည်။

“ဒီနေ့ကိုအောင်ဝင်းနိုင်ကို စစ်တယ်။ နောက်ရုံးချိန်းမှာတော့ ခံပြသက်သေကို စစ်ပါမယ်”ဟု ပြောသည်။

ဦးအောင်ဝင်းနိုင်အမှုကို လာမည့် ဇန်နဝါရီလ ၂၇ ရက်တွင် ထပ်မံရုံးချိန်းလိုက်ပြီး ယင်းနေ့ရုံးတွင် တရားခံပြသက်သေ ၂ ဦးကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဦးအောင်ဝင်းနိုင်၏ အမျိုးသမီး ဒေါ်တွယ်တာစိုးက “သက်သေက ၅ ယောက်တော့ ထည့်ထားတယ်။ ၂၇ ရက်နေ့မှာ ၂ ယောက်စစ်မယ်လို့ပြောတယ်။ ကိုယ့်ရွာက ၂ ယောက်ကိုစစ်မှာ။ ကိုယ့်အိမ်နားကလူတွေပဲ ထည့်တာပေါ့ သက်သေကတော့။ အိမ်နားကလူတွေဆိုရင် သူဘာတွေလုပ်ခဲ့လဲဆိုတာ အကုန်သိနေတယ်လေ” ဟု ပြောသည်။

ဦးအောင်ဝင်းနိုင်သည် ဖမ်းဆီးစစ်ဆေးခံရစဉ်က ရရှိခဲ့သည့်ဒဏ်ရာများကြောင့် လက်ရှိအချိန်အထိ ရင်ဘတ်များအောင့်ပြီး ဆေးဝယ်တိုက်နေရသေးကြောင်း သူမက ဆက်ပြောသည်။

ဦးအောင်ဝင်းနိုင်နှင့် အခြား ၆ ဦးတို့သည် ပြီးခဲ့သည့် ဇွန်လ ၅ ရက် နံနက်ပိုင်းက တောင်ကုတ်-သံတွဲလမ်းပိုင်း ဖုံညိုစစ်ဆေးရေးဂိတ်တွင် စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံလိုက်ရခြင်းဖြစ်သည်။

ဦးအောင်ဝင်းနိုင်သည် ရက္ခိုင့်တပ်တော်(AA)သို့ သစ်အခွန်ခငွေသုံးသိန်း အခွန်ဆောင်ခဲ့ပြီး အမည်မသိ လူ ၆ ဦးကို AA သို့ပို့ဆောင်ပေးခဲ့သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် တောင်ကုတ်မြို့ ၅၄၄ တပ်ရင်းမှ ဗိုလ်ကြီးကျော်ဇင်ဦးက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် သြဂုတ်လ ၉ ရက်နေ့တွင် စတင် တရားစွဲဆိုခံလိုက်ရပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်တွင် ပုဒ်မ ၁၇(၁)ဖြင့် စွဲချက်အမိန့်ချမှတ်ခံခဲ့ရသည်။

ဦးအောင်ဝင်းနိုင်တရားစွဲခံထားရသည့် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)သည် ၂ နှစ်ထက်မနည်း၊ ၃ နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ် ၂ ရပ်လုံးချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

သူနှင့်အတူဖမ်းဆီးခံခဲ့ရသူ ၆ ဦးနှင့်ပတ်သက်သည့်သတင်းအချက်အလက်များကို လက်ရှိအချိန်ထိ စုံစမ်း၍မရသေးပါ။

https://www.facebook.com/narinjara.info/posts/5108058055872897

Leave a Reply

Your email address will not be published.