၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အတွင်း ရခိုင်/ မူဆလင် လူမျိုးစုနှစ်ခုကြား ထူးခြားဖြစ်စဉ်များနှင့် ပတ်သက်၍ ဒေသခံများ၏ အမြင်သဘောထား

By Western News/ 2022 January 5

ကိုဇော်ဇော်ထွန်း (ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) အတွင်းရေးမှူး)

ဒီဟာတွေက ဆက်တိုက်ဆိုသလို နေရာကျယ်ကျယ်ပြန့်ပြန့်မှာဖြစ်လာတယ်။ မြန်မာနိုင်ငံမှာ ပြဿနာတွေဖြစ်နေပေမယ့် အဓိကရုဏ်းတွေဖြစ်နေတယ်။ မငြိမ်သက်မှုတွေဖြစ်နေတယ်။

လတ်တလောမှာ ရခိုင်ပြည်နယ်ဟာ တည်ငြိမ်အေးချမ်းမှုတစ်ခု အတိုင်းအတာ တစ်ခုထိရှိနေတယ်။ စစ်ရေးဆိုင်ရာသွားလာမှုတွေ နည်းနည်းပါးပါးရှိတယ်ဆိုပေမယ့် လူကြီးပိုင်းတွေက ကြိုးစားဖြေရှင်းပေးနေကြတယ်။ ရခိုင်မှာရှိနေတဲ့ မတူကွဲပြားတဲ့ လူမျိုးဘာသာကြားထဲမှာလည်း သဟဇာတဖြစ်ပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့ ရခိုင်ပြည် တည်ငြိမ်ရေးဆိုင်ရာတွေနဲ့ ပတ်သက်ပြီးတော့ ကြိုးစားနေကြတဲ့တာဖြစ်တယ်။ အရပ်ဖက်အဖွဲ့အစည်းတွေဆိုရင် အရပ်ဖက်အဖွဲ့အစည်းအလျောက်၊ ပြည်သူလူထုကလည်း နည်းလည်မှုရှိရှိ၊ နောက်ပြီးတော့ သတင်းအားအင်စုတွေကလည်း ကြိုးစားလုပ်ဆောင်နေတယ်။ တည်ငြိမ်မှုကလည်း အထိုက်အလျောက်ရှိလာတယ်။ အဓိကတော့ ပိုပြီးဖွံ့ဖြိုးတဲ့ အခြေအနေကို သွားရမယ့်ကာလမှာ ဒီအပေါ်မှာ မရိုးသားတဲ့ လုပ်ဆောင်ချက်တွေ ပါနေတယ်လိုတော့ ကျနော်တို့က သံသယရှိတယ်။ စစ်ရေးပဋိပက္ခတွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အုပ်ချုပ်ရေးတွေကို ကြိုစားတည်ဆောက်နေရတဲ့ အပိုင်းတွေရှိတယ်။ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးဆိုရင်လည်း မပီမပြင်ဘဲနဲ့ အင်အားတွေချည့်နည်းနေတဲ့ကာလမှာ ဒီဟာတွေကိုအခွင့်ကောင်းယူပြီးတော့ ဒီလိုမျိုးပြဿနာတွေကို ဖန်တီးမှုလုပ်နေတယ်လို့တော့ ကျနော်ကတော့ သုံးသပ်ပါတယ်။

ဦးထွန်းအောင်ကျော် (ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုကော်မတီအဖွဲ့ဝင်)

ဒီအပျက်အစီးတွေကြောင့် မိမိတို့ရဲ့အကျိုးစီးပွားနစ်နာဆုံးရှုံးလာရင် လူတွေမှာက ဆုံးရှုံးမှုကို အခြေခံပြီးတော့ ဒေါသတွေဖြစ်လာကြတယ်။ အသေးအမွှား ကစပြီးတော့ ကြီးကြီးမားမားနဲ့ ပဋိပက္ခတွေဖြစ်လာရင် တည်ငြိမ်နေတဲ့ ကိုယ့်ရခိုင်ပြည်မှာပဲ အားလုံးကို ရိုက်ခတ်သွားနိုင်တယ်။ တည်ငြိမ်အေးချမ်းမှုတွေပျက်စီးမယ်။ တရားဥပဒေစိုးမိုးရေး ပျက်စီးမယ်။ အရင်လည်း ရခိုင်ပြည်မှာ လူမျိုးရေးနှစ်ခုကြားမှာ နားလည်မှုလွဲပြီးတော့ ဖြစ်ခဲ့တာတွေရှိတယ်။ အခုကလည်း (AA) တပ်တော်က အတတ်နိုင်ဆုံး စီမံခန့်ခွဲပြီးတော့ တရားဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်ရေးကို လုပ်ပေးနေတဲ့အချိန်မှာ အခုလိုဖြစ်လာခြင်းဟာ ဒီဟာကနေပြီးတော့ တစ်ကြိမ် နှစ်ကြိမ်ဖြစ်တာမဟုတ်ဘဲနဲ့ အကြိမ်ရေများလာတယ်ဆိုတော့ တစ်ခုခုကများ စနစ်တကျ ဖန်တီးနေသလားဆိုတဲ့ အမြင်တွေ ပြည်သူလူထုမှာ ဖြစ်လာရင် အန္တရာယ်တစ်ခုကျရောက်နိုင်တဲ့အခြေအနေလို့မြင်တယ်။

အဲဒါကြောင့် ဒီဟာကို သေသေချာချာထိန်းသိမ်းရမယ်။ ပြီးတော့ ကြီးကြပ်ပြီး နိုင်နိုင်နင်းနင်းမဖြေရှင်းနိုင်ရင်တော့ အန္တရာယ်ရှိလာမယ်လို့မြင်တယ်။ ဒါကြောင့် အားလုံးသူက သတိကြီးစွာနဲ့ (AA) တပ်တော်ကလည်း သတိပေးထားသလို သတိကြီးကြီးနဲ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဂရုစိုက်သင့်တယ်လို့မြင်တယ်။

ဦးအောင်ခင် (မူဆလင်) (ဘာသာပြန်စာရေးဆရာ)

ဦးလေးတို့ ဘိုးစဉ်ဘောင်ဆက်တွေက ရခိုင်သားနဲ့ နှစ်ပေါင်းရာနဲ့ချီပြီးတော့ အေးအေးချမ်းချမ်းတစ်ယောက်နဲ့ တစ်ယောက် ညီအစ်ကိုလို နေခဲ့တယ်ဆိုတော့ ဦးလေးတို့က ပဋိပက္ခကို လုံးဝမလိုလားဘူး။ ဦးလေးတို့က အမှန်တရားကိုပဲ မြတ်နိုးတဲ့သူဖြစ်တဲ့အတွက်ကြောင့် ဦးလေးတို့အရွယ်ရောက်ကတည်းက အထူးသဖြင့် ၁၉၆၂ ခုနှစ်ကတည်းကပင် ရခိုင်ပြည်ကို သူတို့အုပ်ချုပ်ဖို့လွယ်အောင်ဆိုပြီးတော့ အဓိက လူမျိုးစုဖြစ်တဲ့ ရခိုင်လူမျိုးနဲ့ မူဆလင်လူမျိုးစုကြားမှာ ကုလားဖန်ထိုးလို့ လာနေတာ နောက်ဆုံး ၂၀၁၂ မှာ တစ်ကြိမ်ဖြစ်တယ်။ ၂၀၁၂ မှာတော့ နှစ်ဖက်စလုံးက ခံရတယ်။ နောက်တစ်ခါ ၂၀၁၈၊ ၁၉ မှာကျတော့ မူဆလင်ကို မလုပ်ဘဲနဲ့ ရခိုင်သားတွေကို အပြတ်လုပ်တာတွေကို မြင်လို့ ဦးလေးတို့က ရင်ကျိုးမတတ်ခံစားရတယ်။

အဲဒါနောက်ပိုင်းမှာ ဗမာတစ်ပြည်လုံးအတိုင်းအတာနဲ့ပြောရရင် ဒီနေ့ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်း နေတာဟာ တပ်တော်အပေါ်မှာ ရခိုင်ဘက်ကရော၊ မူဆလင်ဘက်ကလည်း အခြေခံလူတန်းစားကနေ တပ်တော်အပေါ်မှာ ယုံကြည်ဖို့၊ လေးစားမှု၊ အားကိုးမှုအပြည့်အဝရှိတဲ့အတွက် ရခိုင်ပြည်နယ်ဟာ ပကတိငြိမ်သက်လျက်ရှိတယ်။

ဒီလိုအချိန်ကို မလိုလားဘဲသူတို့ရဲ့အာဏာစက်ဆက်လို့မြဲဖို့အတွက် လုပ်ချင်တဲ့လူတန်းစား တစ်လွှာကနေပြီးတော့ သူတို့ရဲ့လက်ပါးစေ တပည့်တပန်းတွေနဲ့ပေါင်းပြီးတော့ ဟိုဖက်ကိုလုပ်လိုက်၊ ဒီဖက်ကိုလုပ်လိုက် လုပ်နေတာတွေကို နေ့စဉ်ရက်ဆက်ကြားရတယ်။ သို့သော်လည်း ဒီနေ့မှာ ရခိုင်ပြည်မှာ ကြည့်လိုက်ရင် ခေါင်းဆောင်ပိုင်း နိုင်ငံရေးသမားတွေကို မဆိုလိုဘူး။ ရခိုင်ရော၊ မူဆလင်ရော အောက်ခြေပြည်သူတွေဟာ တစ်ခုမှ မသိဘူး။ သူတို့မှာ နိစ္စဓူဝအလုပ်အကိုင်လုပ်ပြီးတော့ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့အတွက် သူတို့ဟာ လုံးဝမပြစ်မရှိဘူး။ အခုလုပ်နေတာက လက်ပါးစေ တပည့်တပန်းတွေနဲ့လုပ်နေတယ်လို့ ဦးလေးသုံးသပ်တဲ့အတွက်ကြောင့် ဘယ်လိုထိန်းဖို့ဆိုတာကို နှစ်ဖက်သည်းညည်းခံပြီးတော့ တစ်ဖက်နဲ့တစ်ဖက် နားလည်မှုရှိပြီးတော့ လုပ်ကြမယ်လို့ Facebook ထက်မှာ ဦးလေး post တစ်ခုတင်လိုက်သေးတယ်။

မဦးခင်သိန်း (ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်)

 ရှေ့မှာလည်း ကျမတို့က ဒီလိုအဖြစ်မျိုးကြုံခဲ့ရတဲ့ အခြေအနေတွေလည်းရှိခဲ့တယ်။ အခုဆိုရင်လည်း ကျမတို့ဟာ မူဆလင်အသိုင်းအဝိုင်းနဲ့ အနီးကပ်ဆုံးမှာနေတဲ့ လူတွေဖြစ်တယ်။ အဲဒါတွေအပေါ်မှာ ကျမမြင်တာက နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းကတော့ ရခိုင်ပြည်နယ်ဟာ လက်ရှိအခြေအနေမှာ တည်ငြိမ်နေတယ်။ စစ်ကောင်စီနဲ့ အလွမ်းသင့်နေတယ်ဆိုပြီးတော့ ပြည်မဖက်ကလူတွေပြောဆိုတာတွေရှိတယ်။ တကယ်တမ်းကျတော့လည်း ငြိမ်နေတာတော့ မဟုတ်ဘူး။  ရခိုင်ပြည်မှာလည်း ဆူပူမှုတစ်ခုဖြစ်လာအောင်  တစ်ဖက်မှာ ဖန်တီးနေကြတယ်လို့တော့ ကျမအနေနဲ့မြင်မိတယ်။

ရခိုင်နဲ့မူဆလင်အသိုင်းအဝိုင်းဆိုတာထက် တစ်ဖက်မှာအဲလိုအဖြစ်မျိုးကို ဖြစ်ဖို့အတွက် မျှော်လင့်နေကြတဲ့လူတွေရှိနေကြတယ်။ အရင်လည်းရှိသလို အခုလည်းရှိနေကြတယ်။ အဲဒါကို လိုလားတဲ့သူတွေဟာ မူဆလင်အသိုင်းအဝိုင်းမှာလည်း ရှိနိုင်သလို ရခိုင်အသိုင်းအဝိုင်းမှာလည်းရှိနိုင်တယ်။ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ ULA ဖက်ကလည်း ထုတ်ပြန်ထားတာတွေရှိတယ်။ ရှေ့ကအတွေ့အကြုံတွေအရ အခုဆိုလို့ရှိရင် ဖြစ်လာနိုင်ခြေတော့ တော်တော်များများနည်းတယ်လို့ ကျမတို့မြင်ပါတယ်။

၂၀၁၂ ခုနှစ်ကလိုမျိုး အလားတူဖြစ်နိုင်ခြေတော့ နည်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်ဆိုလိုရှိရင် သိပ်မစဉ်းစားကြဘူး။ မှိုင်းတိုက်တာတွေမှာ လိုက်လုပ်ကြတယ်။ အခုကျတော့ ရခိုင်တွေကလည်း မ အ ကြတော့သလို။ မူဆလင်အသိုင်းအဝိုင်းတွေကလည်း မအကြတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ULA / AA ဖက်ကလည်း မူဆလင်အသိုင်းအဝိုင်းတွေနဲ့ အဆင်ပြေနေတဲ့အနေအထားတွေ၊ မူဆလင်ကျေးရွာတွေမှာ ကော်မတီအဖွဲ့တွေရှိတဲ့အနေအထားရှိကြတယ်။ တချို့အရာတွေကို မူဆလင်အသိုင်းအဝိုင်းတွေကလည်း ထိန်းကြတယ်။ ဆိုတော့ ဒီလိုမျိုးဖြစ်စဉ်တွေ ဖြစ်နိုင်ခြေနည်းတယ်လို့တော့ မြင်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုးဖြစ်စဉ်တွေ ထပ်ဖြစ်လာရင်တော့ ပြောလို့မရဘူး။ ဖြစ်လာနိုင်ခြေတော့ရှိပါတယ်။ လက်ရှိအခြေအနေအရဆိုရင် ဖြစ်နိုင်ခြေနည်းတယ်လို့တော့ ကျမအနေနဲ့ သုံးသပ်မိပါတယ်။

ရခိုင်ပြည်နယ်တွင် ဒီဇင်ဘာလအတွင်းမှစ၍  ထူးခြားဖြစ်စဉ်များကို ဆက်တိုက်တွေ့လာရသလို လူမျိုးရေးပဋိပက္ခကို  ဦးတည်စေနိုင်သော ဖြစ်ရပ်များကိုလည်း ဆက်တိုက်တွေ့လာရသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်  ULA က ဒီဇင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အဲဒါတွေကတော့  ဒီဇင်ဘာလ ၉ ရက်နေ့ ညည့်အချိန်တွင် မြောက်ဦးမြို့နယ်၊ အောက်သကန်ကျေးရွာမှ စပါးရိတ်သိမ်းစက် (၂) လုံး မီးရှို့ခံရမှု၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ လောင်ကြက်ရွာအနီး ရိတ်သိမ်းပြီးစုပုံထားတဲ့ စပါးစည်းများ မီးရှို့ခံရမှု၊ ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျောက်တော်မြို့နယ်၊ တောင်ဘွေကျေးရွာအနီး၌ ရခိုင်အမျိုးသမီးတစ်ဦးအား မူဆလင်အမျိုးသားနှစ်ဦးမှ  မုဒိမ်းကျင့်ရန် ကြံစည်အားထုတ်မှု၊ ဒီဇင်ဘာလ ၁၃ ရက်နေ့  သန်းခေါင်ကျော်အချိန်တွင် ဂွမြို့နယ်၊ ရွာမရပ်ကွက်၊ မင်္ဂလာလမ်းရှိ မူလတန်းလွန်ကျောင်းအား မီးရှို့သည့်ဖြစ်စဉ်နဲ့  ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကျောက်ဖြူမြို့နယ် စည်မော်ကျေးရွာ၌ လယ်သမား ၃ ဦးပိုင်ဆိုင်တဲ့ ရိတ်သိမ်းပြီးစပါးများကို ရည်ရွယ်ချက်ရှိရှိဖြင့် မီးတိုက်ဖျက်စီးခဲ့သော ဖြစ်စဉ်များအပြင် အခြားသောဖြစ်စဉ်တစ်ချို့လည်း ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြီးခဲ့သော ဒီဇင်ဘာလ ၂၀ ရက်နေ့ ညည့်အချိန်တွင်လည်း မြောက်ဦးမြို့နယ်၊ မုချာကျေးရွာမှ လယ်သမားတစ်ဦးပိုင်ဆိုင်တဲ့ နွား ၅ ကောင် ဓားခုတ်ခံခဲ့ရမှု၊ ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းအုပ်စု၊ ကံန္ဒားမူဆလင်ကျေးရွာမှ စပါးကောက်လိုင်းစည်းပုံ ၂ ပုံမှာလည်း ဒီဇင်ဘာလ ၂၁ ရက်နေ့ ညအချိန်တွင် မီးရှို့ခံလိုက်ရပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း  မင်းပြားမြို့နယ်၊ နဂရာကျေးရွာအုပ်စု၊  နဂရာပြင်ကျေးရွာမှ မူဆလင်လယ်သမားတစ်ဦးပိုင်ဆိုင်တဲ့စပါးကောက်လိုင်စည်းပုံတစ်ခုလည်း မီးရှို့ခံလိုက်ရပါတယ်။

https://www.facebook.com/westernnewsagency/posts/441448164328360

Leave a Reply

Your email address will not be published.