အားကစားကဏ္ဍဖွံ့ဖြိုးရေးအတွက်တည်ဆောက်နေသည့် ရခိုင်ရှိ ပထမဆုံးသော အား၊ ကာသိပ္ပံကျောင်း ၈ဝ ရာခိုင်နှုန်းပြီးစီး

By Narinjara/ 2022 January 25

မြထွီးသျှင်

ဓာတ်ပုံ – သျှင်မင်းဇံ / နိရ ဉ္စရာ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဖွင့်လှစ်သင်ကြားမည့် ရခိုင်၏ပထမဆုံးသော အားကစားနှင့် ကာယသိပ္ပံကျောင်းအားတည်ဆောက်နေမှုမှာ လက်ရှိတွင် ၈၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ကျန်ရှိသည့် ၂ဝ ရာခိုင်နှုန်းဆောက်လုပ်ပြီးစီးပါက ကျောင်းကိုဖွင့်လှစ်နိုင်တော့မည်ဖြစ်ပြီး မည်သည့်အချိန်တွင်ပြီးစီးမည်ဆိုသည်ကိုမပြောနိုင်သေးဟု အားကစားနှင့် ကာယပညာသိပ္ပံ(စစ်တွေ)၏ ကျောင်းအုပ်ကြီး ဦးမောင်မောင်မြင့်က နိရဥ္စရာသို့ ပြောသည်။

“ဝန်ထမ်းအိမ်ယာတွေ လိုသေးတယ်။ ပြီးသွားရင် အားကစားသမားတွေခန္ဓာကိုယ်ကြံ့ခိုင်ဖို့ လေ့ကျင့်ဖို့အတွက် Gym အားကစားရုံထပ်လိုသေးတယ်။ နောက်ပြီးရင် စာကြည့်တိုက်၊ ကျောင်းသားတွေ ဗဟုသုတတိုးပွားဖို့အတွက် စာကြည့်တိုက်ဆောက်ရမယ်။ နောက်ပြီးတော့ ဆေးခန်း၊ လူတွေနေတော့လည်း နေမကောင်းထိုင်မကောင်းဖြစ်ရင်၊ ထိခိုက်ဒဏ်ရာရရင် ကုသဖို့အတွက် ဆေးခန်းပေါ့နော်။ ဒါတွေကတော့ မဖြစ်မနေ ဆောက်ရမယ့်ဟာတွေပဲ။ ဒါတွေရှိမှပဲ ကျောင်းဖွင့်လို့ရမယ်” ဟုပြောသည်။

အဆိုပါကျောင်းကို စစ်တွေမြို့နှင့် ၁၀ မိုင်ခန့်အကွာ၊ ရေချမ်းပြင်ကားလမ်းမအနီး ၅၀ ဒသမ ၄၆ ဧကရှိမြေကွက်တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်းကလည်း ရခိုင်ပြည်နယ်၏ အားကစားကဏ္ဍဖွ့ံဖြိုးတိုးတက်ရေးအတွက် အားကစားနှင့် ကာယသိပ္ပံပညာကျောင်းကို စစ်တွေမြို့တွင် တည်ဆောက်နေပြီး မကြာခင်တွင် ဖွင့်လှစ်သွားဖြစ်ဟု တိုင်းနှင့်ပြည်နယ် U25 အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သည့် ရခိုင်အမျိုးသမီးဘောလုံးအသင်းကို ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက်က ပြည်နယ်ကောင်စီအစည်းအဝေးခန်းမ၌ ဂုဏ်ပြုပွဲဲပြုလုပ်ခဲ့ရာတွင် ပြောကြားခဲ့သည်။

အဆိုပါကျောင်းပြီးစီးပါက အသက် ၁၄ နှစ်(သို့မဟုတ်) အဋ္ဌမတန်းအရွယ်မှ ဒသမတန်းအရွယ်အထိ ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်နိုင်သည်ဟု သိရသည်။

အမျိုးသားဖြစ်ပါက အရပ် ၅ ပေ ၆ လက်မနှင့် ကိုယ်အလေးချိန်ပေါင် ၁၀၀ ရှိရမည်ဖြစ်ပြီး အမျိုးသမီးဆိုလျှင် အရပ် ၅ ပေ ၄ လက်မနှင့် ကိုယ်အလေးချိန်ပေါင် ၁၀၀ ခန့်အထိရှိရမည်ဟု ကျောင်းအုပ်ကြီးက ပြောသည်။

လက်ရှိတွင် ကျောင်း၌ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအတွက် နေထိုင်ရန်အဆောင်များကို ဆောက်လုပ်ပြီးစီးထားပြီဖြစ်ပြီး ၄င်းတို့အား ကျောင်းအိပ်ကျောင်းစားထားကာ အားကစားပညာနှင့် အတန်းပညာရပ်များကို အခမဲ့သင်ကြားပေးသွားမည်ဟုလည်း ဆိုသည်။

အဓိကသင်ကြားပေးသွားမည့် အားကစားပညာရပ်များမှာ ဘောလုံး(ကျား၊ မ) နှင့် ပြေးခုန်ပစ်ဘာသာရပ်များဖြစ်ပြီး ယင်းပညာရပ်များကို မဖြစ်မနေသင်ကြားရမည်ဟု ပြောသည်။

ထူးချွန်ကစားနည်းများဖြစ်သည့် ဂျူဒို၊ ကရာတေး၊ တိုက်ကွမ်ဒို၊ နပန်းနှင့် အိုလံပစ်အားကစားနည်းများနှင့် ရခိုင်ရိုးရာကျင်နှင့်ဆက်နွယ်သော အားကစားနည်းများကိုလည်း သင်ကြားပေးရန် လျာထားကြောင်း ကျောင်းအုပ်ဆရာကြီးက ဦးမောင်မောင်မြင့်က ပြောသည်။

“ဒီဒေသမှာရှိတဲ့ ကလေးတွေက အဲ့ကစားနည်းတွေမှာ တော်တေ်ာများများ ၀ါသနာပါကြတာကိုး။ ထူးလည်းထူးချွန်တယ်ဆိုတော့ အဲဒီအပေါ်မှာမူတည်ပြီး ထည့်သွင်းဖို့လျာထားတာပေါ့နော်။ နောက်ပိုင်းဆိုရင်တော့ ဘော်လီဘောတို့၊ ပိုက်ကျော်ခြင်းတို့ ထည့်ချင်လည်း ထည့်မှာပေါ့နော်။ လက်ရှိမှာတော့ လာပြီးတက်မယ့်ကျောင်းသားဦးရေအနေအထားရယ်၊ ကစားသမားတွေရဲ့ အနေအထားကိုမူတည်ပြီးတော့ ကစားနည်းတွေကို ပြောင်းလဲသတ်မှတ်ရင်လည်း သတ်မှတ်မှာပေါ့” ပြောသည်။

လက်ရှိတွင် အဆိုပါကျောင်းဖွင့်လှစ်ပါက ကျောင်းသား၊ ကျောင်းသူဦးရေ ၁၂၀ မှ ၁၆၀ အတွင်း လက်ခံသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်းမှ အောင်မြင်ပြီးလျှင် မိမိစိတ်ဝင်စားသော မည်သည့်တက္ကသိုလ်ကိုမဆို တက်ရောက်နိုင်မည်ဟုလည်း ကျောင်းအုပ်ကြီးက ပြောသည်။

https://www.facebook.com/narinjara.info/posts/5144400308905338

Leave a Reply

Your email address will not be published.