အမ်းမြို့နယ်မှာ စစ်ကောင်စီက ညမထွက်ရအမိန့် သက်တမ်းထပ်တိုး

By RFA/ 2022 January 5

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ညကိုးနာရီကနေ မနက်ငါးနာရီအထိ ထုတ်ပြန်ထားတဲ့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ – ၁၄၄ ညမထွက်ရအမိန့်ကို ဇန်နဝါရီလ ၂ ရက်နေ့ကစပြီး နောက်ထပ်သက်တမ်းနှစ်ဆ ထပ်မံတိုးမြှင့်လိုက်တယ်လို့ ဒေသခံတွေက RFA ကို ဒီကနေ့ပြောပါတယ်။

ဒီအမိန့်ကို စစ်ကောင်စီရဲ့  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တာကြောင့် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကျဆုံး၊ ထိခိုက်ဒဏ်ရာရှိကြပြီး နိုင်ငံပိုင်အဆောက်အအုံတွေ၊ ယာဉ်တွေ ပျက်စီးခဲ့ရသလို အဲဒီဖြစ်စဉ်တွေမှာ ဒေသခံပြည်သူတွေလည်း ထိခိုက်မှုတွေရှိခဲ့တာကြောင့် ညအချိန် လွတ်လပ်စွာသွားလာခွင့်ပြုရင် အဲဒီလိုဖြစ်စဉ်တွေ ထပ်မံဖြစ်ပွားနိုင်တာကြောင့် အခုလို ထုတ်ပြန်ရတာဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားချိန်ကစလို့ အမ်းမြို့နယ်မှာ ညမထွက်ရအမိန့်ကို နှစ်လတစ်ကြိမ်စီ သက်တမ်းတိုးပြီး ထုတ်ပြန်လာတာ အခုဆိုရင် အချိန်သုံးနှစ်ကျော်ရှိလာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အခုဆိုရင် တိုက်ပွဲတွေမဖြစ်တာ အချိန်တစ်နှစ်ကျော်အထိ ရှိသွားပြီဖြစ်သလို အဲဒီ ညမထွက်ရအမိန့်ကြောင့် ကျန်းမာရေးကိစ္စတွေနဲ့ တခြားစီးပွားလုပ်ငန်းတွေကို အရေးပေါ်သွားလာဖို့လည်း အခက်အခဲဖြစ်နေတာကြောင့် အဲဒီညမထွက်ရအမိန့်ကို ရုပ်သိမ်းပေးစေချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်နယ်စစ်ကောင်စီပြောခွင့်ရသူ ရခိုင်ပြည်နယ်ဥပဒေချုပ်ကတော့ ကိုဗစ်ကပ်ဘေးနဲ့ လုံခြုံရေးကိစ္စတွေကြောင့် ရခိုင်ကမြို့နယ်အချို့မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားဖြစ်ပြီး အဲဒီ ညမထွက်ရအမိန့်ကို ရုပ်သိမ်းမယ်၊ မသိမ်းဘူးဆိုတာကိုတော့ မြို့နယ်အလိုက် နှစ်လတစ်ကြိမ် စီစစ်နေတယ်လို့ RFA ကို ပြောပါတယ်။

အခု လုံခြုံရေးကို အကြောင်းပြပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ အမ်းမြို့နယ်ဟာဆိုရင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရုံးစိုက်ရာ မြို့နယ်ဖြစ်ပါတယ်။

https://www.facebook.com/rfaburmese/posts/10161580652548128

Leave a Reply

Your email address will not be published.