အမ်းမြို့နယ်တွင် မွတ်ဆလင် ၉ ဦးဖမ်းဆီးခံရ

By Development Media Group (DMG)/ 2022 January 17

ဓာတ်ပုံ – ရခိုင်နေ့စဉ် Facebook Page

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ကံမြင့်ကန်စစ်ဆေးရေးဂိတ်တွင် ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်သွားမည့် မွတ်ဆလင်အမျိုးသား ၉ ဦး ဖမ်းဆီးခံလိုက်ရကြောင်း အမ်းမြို့မရဲစခန်းမှ သိရသည်။

အဆိုပါမွတ်ဆလင်များသည် ကျောက်တော်နှင့် မြေပုံမြို့နယ်တို့မှဖြစ်ကြပြီး ရန်ကုန်သို့အလုပ်လုပ်ရန်သွားရောက်ကြစဉ် အမ်းမြို့နှင့် ၃၃ မိုင်ခန့်ဝေးကွာသည့် ကံမြင့်ကန်စစ်ဆေးဂိတ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အမ်းမြို့မရဲစခန်းမှူး ဦးမျိုးကြည်က DMG သို့ပြောသည်။

“၈ ယောက်က ကျောက်တော်မြို့က၊ နောက်တစ်ယောက်ကတော့ မြေပုံက၊ စစ်ဆေးတဲ့အထဲမှာတော့ ရန်ကုန်ကို အလုပ်သွားလုပ်ဖို့သွားတာလို့ ပြောတယ်”ဟု ၎င်းကဆက်ပြောသည်။

အဆိုပါဖမ်းဆီးခံရသူအနက် အသက် ၁၅ နှစ်အောက်အရွယ် နှစ်ဦးပါဝင်သည်။ လက်ရှိတွင် ၎င်းတို့အားလုံးကို မြို့မရဲစခန်းတွင် လဝကအက်ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဦးမျိုးကြည်က ဆက်လက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်စဉ်ဖြစ်ပွားပြီးနောက် မွတ်ဆလင်များသည် အသွားအလာကန့်သတ်ခြင်းခံရပြီး ပြည်နယ်တွင်း လွတ်လွတ်လပ်လပ်သွားလာခွင့် မရရှိကြပေ။ ထို့ပြင် ရခိုင်ပြည်ပြင်ပသို့သွားရောက်လျှင် အာဏာပိုင်များ၏ ဖမ်းဆီးမှုခံရပြီး ရခိုင်သို့ပြန်ပို့ခံနေရသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံအတွင်း ဒုတိယအဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်း အလွန်ရှားပါးသည်။ ထို့ကြောင့် ရခိုင်အပါအဝင် မွတ်ဆလင်များသည် အလုပ်အကိုင်ရှာဖွေရန်အတွက် ရန်ကုန်အပါအဝင် မလေးရှား၊ ထိုင်း စသည့်နိုင်ငံများသို့သွားရောက်ရန် ကြိုးပမ်းကြသော်လည်း မွတ်ဆလင်အများစုမှာ ရခိုင်ပြည်ပြင်ပသို့ထွက်လျှင် ဖမ်းဆီးမှုနှင့်အမြဲကြုံတွေ့နေရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်နေ့ကလည်း ရန်ကုန်ကိုသွားမည့် မွတ်ဆလင် ၇၇ ဦးကို တောင်ကုတ်မြို့နယ်တွင် ဖမ်းဆီးလိုက်ခံရလိုက်ရပြီး ယင်းအထဲမှ အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးအမောဖောက်၍ အသက်ရှုကြပ်ကာ သေဆုံးနေသည်ကိုလည်း တွေ့ခဲ့ရသည်။

https://www.facebook.com/dmgnewsagency/posts/2204544793031253

Leave a Reply

Your email address will not be published.