အမ်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် လူငယ် ၂ လကျော်ကြာသည့်အထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေ

By Western News/ 2022 January 12

ရက္ခိုင့်တပ်တော် AAနှင့် ဆက်စပ်သည့်သံသယဖြင့် အမ်းမြို့ ပဲပဒုံစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် လူငယ်တစ်ဦး ၂ လကျော်ကြာသည့်တိုင် သတင်းအစအနမရဘဲ ပျောက်ဆုံးနေကြောင်း မိသားစုဝင်များကပြောသည်။

ဖမ်းဆီးခဲရသူမှာ မြေပုံမြို့နယ်၊ စိတ္တရကျေးရွာမှ အသက် ၂၃ နှစ်အရွယ် ကိုနေဝင်းစိုးဖြစ်ပြီး ၎င်းမှာပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့က ရန်ကုန်ကဆေးကုသ၍ ရွှေညီအစ်ကို Expressကားနှင့် ပြန်လာစဉ်အမ်း၊ ပဲပဒုံစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အမ်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရကြောင်းကိုမိသားစုဝင်များထံဖုန်းဆက်သွယ်အကြောင်းကြားပြီးနောက် ယင်းနေ့မှစ၍ ယနေ့ထိ၂ လ ကျော် ကြာသည့်တိုင်အဆက်အသွယ်မရသေးဘဲ ပြတ်တောက်နေသည်ဟု ဇနီးဖြစ်သူ မနှင်းမြတ်မွန်က Western News ကိုပြောသည်။

“ဖမ်းသွားတဲ့ နေ့က ဖမ်းခံရတယ်ဆိုပြီး ဖုန်းဆက်ခဲ့ ပြီးချိန် ကတည်းက ခုထိသတင်းအစအရမရဘူး။ အဆက်အသွယ်လည်းမရဘူး။ ကျွန်မတို့လည်း အမ်းဖက်တွေမှာ စုံစမ်းပါတယ်။ ခုထိသတင်းမရသေးပါဘူး။ ဘာဆက် လုပ်ရမလဲဆိုတာတောင်မသိတော့ဘူး”ဟုပြောသည်။

ကိုနေဝင်းစိုးမှာ အမ်းမြို့၊ ပဲပဒုံစစ်ဆေးရေးဂိတ်တွင် စစ်တပ်၊ ရဲနှင့် ဌာနပေါင်းစုံတို့က စစ်ဆေးရာ၌ ၎င်း​၏ ဖုန်းတွင် AAနှင့်ဆက်စပ်သည်ဆိုသည့် သံသယကြောင့် စစ်ဆေးခံရမည်ဟု ၎င်းဖမ်းဆီးမခံရချိန်တွင် မိသားစုဝင်များကို ဆက်သွယ်၍ ပြောဆိုခဲ့ကြောင်း ဇနီးဖြစ်သူက ပြောဆိုသည်။

ကိုနေဝင်းစိုး ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ အမ်းမြို့မရဲခန်းကိုဆက်သွယ်မေးမြန်းရာ ၎င်းအားရဲစခန်းဖက်သို့ လွှဲပြောင်းထားခြင်းမရှိသေးဟု အမ်းမြို့နယ်စခန်းမှူး ဦးမျိုးကြည် က Western News ကို ပြောသည်။

“ကျွန်တော်ဆီကို အခုလို လွှဲပြောင်းလာတာမျိုးတော့ မရှိသေးပါဘူး။ လွှဲပြောင်းလာတာ တစ်ယောက်မှမရှိပါဘူး” ဟုပြောသည်။

အမ်း၊ ပဲပဒုံ စစ်ဆေးရေးဂိတ်တွင် ၃၇၁၊ ၃၇၂၊ ၃၇၃ တပ်ရင်းတို့အပြင် တခြားတပ်ရင်းများပါ တပ်ပေါင်းစုံက စစ်ဆေးရေးဂိတ်ဖြစ်သည်။ ကိုနေဝင်းစိုးကို မည်သည့်တပ်က စစ်ဆေးရန်ခေါ်ဆောင်သွားကြောင်း လက်ရှိထိ စုံစမ်းမရသေး၍ ၎င်း ၏ အသက်အန္တရာယ်ကိုစိုးရိမ်နေကြောင်း မိသားစုများကပြောဆိုသည်။

https://www.facebook.com/westernnewsagency/posts/445498790589964

Leave a Reply

Your email address will not be published.