By Narinjara/ 2022 January 17
သဥ္ဇာနွယ်
ဓာတ်ပုံ – အမ်းမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုအားတွေ့ရစဉ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ရခိုင်မှ ရန်ကုန်သို့သွားသည် အထောက်အထားမဲ့ မူဆလင်အမျိုးသား ၉ ဦး ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။
၎င်းတို့ကို ယမန်နေ့ ဇန်နဝါရီ ၁၆ ရက် နံနက် ၇ နာရီခွဲခန့်က အမ်းမြို့နယ်၊ ကံမြင့်ကန်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း အမ်းမြို့မစခန်းမှူး ဒုရဲမှူးမျိုးကြည်က နိရဥ္စရာကို အတည်ပြုပြောသည်။
“သူတို့ကို လက်ရှိမှာတော့ အမ်းလဝကရုံးမှာ စစ်ဆေးနေပါတယ်။ တရားစွဲပြီးရင်တော့ ရဲစခန်းကိုအပ်မှာပေါ့ဗျာ”ဟု ပြောသည်။
ဖမ်းဆီးခံရသူများတွင် ကျောက်တော်မြို့နယ်မှ ၈ ဦးနှင့် မြေပုံမြို့နယ်မှ ၁ ဦးတို့ပါဝင်ကြောင်း သိရသည်။
၎င်းတို့အား ကျောက်တော်မြို့ ခေါင်းတုတ်ကျေးရွာမှ လူပွဲစားတစ်ဦးက ရန်ကုန်သို့ ၁ ဦးလျှင် ကျပ်သိန်း ၃၀ ဖြင့် ပို့ဆောင်ရန်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ကံမြင့်ကန်ကျေးရွာအနီး ငွေယူပြီးနောက် ထားခဲ့စဉ် ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းမိသူများအား လဝကအက်ဥပဒေ ၁၃(၁)ဖြင့် အမှုဖွင့်အရေးယူထားပြီး ထွက်ပြေးသွားသည့်ပွဲစားများအား ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။
ယခုနောက်ပိုင်းတွင် ရန်ကုန်မှတဆင့် မလေးရှားနိုင်ငံသို့ ထွက်ခွာသည့် မူဆလင်များကို ရခိုင်ပြည်နယ်အတွင်း ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ဂွနှင့် တောင်ကုတ်မြို့နယ်များတွင် ရာနှင့်ချီ ဖမ်းဆီးရမှုများ ရှိလာနေသည်ဟု သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက် ညဉ့် ၂ နာရီခန့်က တောင်ကုတ်မြို့နယ် ဂွေးတောက်ရွာနှင့် မျောက်ငို့ကွေ့ကြား ရိုးတောင်ပေါ်တွင် မောင်တောမြို့နယ်မှ ရန်ကုန်သို့သွားသည့် အထောက်အထားမဲ့ မူဆလင် ၇၇ ဦးကို ဖမ်းမိခဲ့ကြောင်း သိရသည်။
ယင်းအနက် ၁၈ နှစ်အထက်ရှိသူများကို ဒီဇင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် တောင်ကုတ်မြို့နယ်တရားရုံးက လဝကဥပဒေပုဒ်မ ၆(၂)/၆(၃) ဖြင့် ထောင်ဒဏ် ၁ နှစ်စီချမှတ်ခဲ့ပြီး အသက်မပြည့်သူများကို ဒဏ်ငွေ ၅ဝဝ ဆောင်ခိုင်းပြီး ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်ကလည်း ဘင်္ဂလားပင်လယ်အော်အတွင်း အထောက်အထားမဲ့မူဆလင် ၂၀၀ ကျော်ကို ဖမ်းမိခဲ့သည်ဟု သိရသည်။
ယင်းအနက် ၁၀၉ ဦးကို လဝကဥပဒေပုဒ်မ ၁၃(၁)ဖြင့် ဒီဇင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် မောင်တောမြို့နယ် တရားရုံးက ထောင်ဒဏ် (၅)နှစ်ချမှတ်ခဲ့ပြီး အသက်မပြည့်သူများကို ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/5108324949179541