အဂတိမှုဖြင့် တရားစွဲခံနေရသည့် ရခိုင်ဝန်ကြီးဟောင်း ၅ ဦးကို ဇန်နဝါရီ ၁၉ ရက်တွင် အပြီးသတ်အမိန့်ချမည်

By Narinjara/ 2022 January 12

ချစ်အိလှိုင်

ရခိုင်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဝန်ကြီးဟောင်း ၄ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ(၅၅) ဖြင့် လာမည့် ဇန်နဝါရီ ၁၉ ရက်တွင် အပြီးသတ်အမိန့်ချမည်ဟု သိရသည်။

အဆိုပါဝန်ကြီးဟောင်း ၅ ဦးကို ယနေ့ ဇန်နဝါရီ ၁၂ ရက်နံနက်က စစ်တွေအကျဉ်းထောင် အထူးတရားရုံး၌ အပြီးသတ်လျှောက်လဲချက်ယူခဲ့ပြီးနောက် လာမည့်ရုံးချိန်းဖြစ်သည့် ဇန်နဝါရီ ၁၉ ရက်တွင်အမိန့်ချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းရုံးမှ တာဝန်ရှိသူက ပြောသည်။

“ဒီနေ့ အပြီးသတ်လျှောက်လဲချက်ယူပါတယ်။ နောက်လာမယ့်ရုံးချိန်းနေ့မှ အပြီးသတ်အမိန့်ချမှတ်မှာပါ။ ငါးယောက်လုံးပါ” ဟုပြောသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ(၅၅) ဖြင့် တရားစွဲခံနေရသည့် ဝန်ကြီးဟောင်းများမှာ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဟောင်း ဦးကျော်လွင်၊ လျှပ်စစ်၊ စစ်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ဖြစ်ကြသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ(၅၅)သည် အများဆုုံး ထောင်ဒဏ် (၁၅)နှစ်ချမှတ်နို်င်သည့် အမှုဖြစ်ကြောင်း သိရသည်။

၄င်းတို့အထဲမှ ဦးညီပုနှင့် ဦးမင်းအောင်တို့ကို လွန်ခဲ့သည့် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က ရွေးကောက်ပွဲနှင့် ဆိုင်သည့် ပုဒ်မတစ်ခုဖြစ်သော ၁၃ဝ(က)ဖြင့် ထပ်မံတရားစွဲထားကြောင်း သိရသည်။

ပုဒ်မ ၁၃ဝ(က)သည် အများဆုံးထောင်ဒဏ် ၃ နှစ်ချမှတ်နို်င်သည့် ပုဒ်မဖြစ်သည်ဟု သိရသည်။

ဝန်ကြီးဟောင်းများအနက် ဝန်ကြီးချုပ်ဟောင်း ဦးညီပုသည် နိုင်ငံတော်ကြည်ညိုပျက်စေမှုပုဒ်မဖြင့်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရသည်။

https://www.facebook.com/narinjara.info/posts/5086431481368888

Leave a Reply

Your email address will not be published.