အခက်အခဲများနှင့် ပြည့်နက်နေသည့် ပလက်ဝဒေသ

By Development Media Group (DMG)/ 2022 January 19

ချင်းပြည်နယ် တောင်ဘက်အစွန်ဆုံး၌တည်ရှိပြီး ရခိုင်ပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံများနှင့် နယ်နမိတ်ချင်းဆက်စပ်လျက်ရှိသော ပလက်ဝမြို့သည် အခက်အခဲ့ဒုက္ခများစုံလင်စွာ ရင်ဆိုင်ကြုံတွေ့နေရသည့် မြို့နယ်တစ်မြို့နယ်ဖြစ်သည်။

တောင်ရိုး၊ ချောင်းမြောင်းစိမ့်စမ်းရေများနှင့် သဘာဝအလှများကို ပိုင်ဆိုင်ထားသည့် ပလက်ဝဒေသမှာ လူမျိုးပေါင်းစုံနေထိုင်လျက်ရှိကြသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ပလက်ဝမြို့နယ်တစ်ခုလုံး၏ လူဦးရေသည် ၆၄,၉၇၁ ယောက်ရှိ၍ မြို့ပေါ်တွင် လူ ၆,၃၇၄ ခန့်နေထိုင်ကြောင်း ဖော်ပြသည်။ ခူမီးနှင့် ချင်းလူမျိုးအများဆုံးဖြစ်၍ ကျန်လူမျိုးများမှာ ရခိုင်၊ ခေါင်စိုနှင့် အိန္ဒိယလူမျိုးများဖြစ်ကြသည်။

ဧရိယာစတုရန်း (၂၀၀၁၃၀၄)အကျယ်အဝန်းရှိသော ပလက်ဝမြို့မှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ဒေသထွက်ကုန်များမှာ နှမ်း၊ မြေပဲ၊ ဂမုန်းနှင့် ဂျင်းတို့အပြင် ငရုပ်၊ ဆေးဝါး၊ လိမ္မော်သီး စသည်တို့ဖြစ်ကြသည်။ ဒေသထွက်သီးနှံများကို ရခိုင်ပြည်နယ်မှတစ်ဆင့် မန္တလေးတိုင်းသို့ အများဆုံးတင်ပို့ရောင်းချကြသည်။

တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများပြီး ဆန်စပါးစိုက်ပျိုးမှု နည်းပါးသည့်အတွက် ရခိုင်ပြည်ကိုမှီခိုနေရသည့် မြို့တစ်မြို့လည်းဖြစ်သည်။ ယင်းကြောင့်လည်း ပလက်ဝမြို့တွင် ဆန်စားနပ်ရိက္ခာပြဿာနာနှင့် မကြာခဏဆိုသလို ရင်ဆိုင်ကြုံတွေ့ရသည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတို့ကြောင့် ဒေသဖွံ့ဖြိုးမှုနှောက်နှေးခြင်း၊ ပညာရေး၊ ကျန်းမာရေးမဖွံ့ဖြိုး မတိုးတက်သည့် ပလက်ဝဒေသသည် မြန်မာနိုင်ငံအတွင်း အဆင်းရဲဆုံးပြည်ထဲက မြို့နယ်တစ်ခုလည်းဖြစ်သည်။

ယင်းကြားထဲ လက်နက်ကိုင်ပဋိပက္ခ၊ နိုင်ငံရေးရှုပ်ထွေးမှုကြားတွင် အလူးအလဲခံခဲ့ရပြီး နလန်မထူနိုင်အောင် ကျပ်တည်းနေသည့် မြို့နယ်လည်းဖြစ်သည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ပြိုင်ဆိုကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲငယ်ကလေးသည် မြန်မာ စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား ၂ နှစ်တာစစ်ရေးပဋိပက္ခ၏ တိုက်ပွဲအစပင်ဖြစ်ခဲ့သည်။ ထိုနေရာမှာ ၂၀၁၅ ခုနှစ် မတ်လ ၂၉ ရက်နေ့က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲစတင် ဖြစ်ပွားလာခဲ့သည်။

ကချင်လွတ်လပ်ရေးတပ်မတော်ဌာနချုပ်ရှိရာ လိုင်ဇာမြို့၌ စတင်ဖွဲ့စည်းခဲ့သည့် ရက္ခိုင့်တပ်တော်(AA)သည် ကချင်နှင့် ရှမ်းမြောက်တွင် ၎င်း၏မဟာမိတ်များအား ကူညီတိုက်ခိုက်ပေးရင်း စစ်ရေးအရအတွေ့အကြုံ ရှိလာသည့်အချိန်တွင် ရခိုင်ပြည်အတွင်း အခြေချရန်ကြိုးပမ်းခဲ့သည်။ ယင်းအချိန်မှစ၍ ရခိုင်ပြည်နှင့် နီးကပ်စွာတည်ရှိသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ယခင်က မြို့နှင့်ဝေးရာ အစွန်အဖျားဒေသများတွင်သာ တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ၂၀၂၀ ဇန်နဝါရီလမှစ၍ ပလက်ဝမြို့အနီးအထိ တိုက်ပွဲများပြင်းထန်လာခဲ့ပြီး ဒေသခံများမှာ စစ်ပွဲ၏အကျိုးဆက်ဒဏ်ကို အလူးအလဲ ရင်ဆိုင်ခဲ့ရသည်။

မြို့နေလူထုစားဝတ်နေရေးအတွက် ကုလားတန်မြစ်ကြောင်းမှတစ်ဆင့် ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်း၊ ကျောက်တော်-ပလက်ဝကုန်းလမ်းကိုအသုံးပြုနေကြပြီး နောက်လမ်းပန်းဆက်သွယ်ရေး တစ်ခုအဖြစ် ပလက်-ဆမီး-မတူပီလမ်းကြောင်းတို့ရှိသည်။

ကျောက်တော်-ပလက်ဝလမ်းကြောင်းကိုအသုံးပြုကာ စားသောက်နေသော ပလက်ဝဒေသခံတို့မှာ တိုက်ပွဲပြင်းထန်လာချိန်တွင် ကျောက်တော်-ပလက်ဝလမ်းများကို ပိတ်ပင်ခြင်းခံခဲ့ရသဖြင့် စားနပ်ရိက္ခာအခက်အခဲကို ရင်ဆိုင်ခဲ့ကြရသည်။

ထိုသို့သွားလာခွင့်မရသည့်အချိန်တွင် ပလက်ဝဒေသခံတို့မှာ လုံခြုံနိုင်မည့်လမ်းကြောင်းများမှတစ်ဆင့် ကျောက်တော်မြို့သို့ အခက်အခဲများကြားမှ အရဲစွန့်သွားရောက်ကာ ဝယ်ယူစားသုံးခဲ့ရသည်ဟု ပလက်ဝမြို့၊ ရွာမရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းစိုးက ပြောပြသည်။

“တိုက်ပွဲဖြစ်တဲ့အချိန်မှာဆိုရင် စက်လှေနဲ့သွားလို့မရတော့ ကုန်းကြောင်းထမ်းရတယ်။ ဆန်တစ်အိတ်ကို ကျောက်တော်မှာ သုံးသောင်းလောက်ဆိုရင် ထမ်းခသုံးလေးသောင်းပေးရတယ်။ ပလက်ဝရောက်ရင် ၈ သောင်းလောက်ပေးပြီးမှ ဝယ်စားခဲ့ရတယ်။ ပေါ်ဆန်းမွှေးဆန်ဆိုရင် တစ်သိန်းကျော်ပေးရတယ်”ဟု ဦးအောင်ဝင်းစိုးကဆိုသည်။

ယခင်က ဆန်ချေ(ဒေသအခေါ်)တစ်အိတ်ကို ငွေကျပ် (၁၅၀၀၀)ဖြင့် ကျောက်တော်မြို့မှဝယ်ယူရပြီး ပလက်ဝမြို့သို့ရောက်လျှင် ငွေကျပ် (၆)သောင်းကျော်အထိမြင့်တက်သွားခဲ့ကြောင်း၊ ပေါ်ဆန်းမွှေး တစ်အိတ်လျှင် ငွေကျပ်(၃၈၀၀၀)ဖြင့်ဝယ်ယူရပြီး ပလက်ဝမြို့တွင် ငွေကျပ် (၉)သောင်းကျော်အထိ စျေးပေးဝယ်ယူခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။ ယင်းအပြင် ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် စသည့်အခြေခံစားသောက်ကုန်ပစ္စည်းများမှာလည်း ယခင်က တစ်ပိဿ ၄ ထောင်ရှိရာကနေ ၉ ထောင်အထိ စျေးနှုန်းနှစ်ဆကျော်ခန့် မြင့်တက်ခဲ့သည်။

ကျပ်ပြန့်စွာတိုက်ပွဲဖြစ်ပွားလာမှုကြောင့် တောတောင်သို့မသွားရဲသည့်အတွက် ပလက်ဝဒေသခံတို့ အဓိက လုပ်ကိုင်စားသောက်နေကြသည့် တောင်ယာလုပ်ငန်းကို မလုပ်ကိုင်နိုင်ကြတော့ဘဲ ရပ်တန့်ထားခဲ့ကြရသည်။

ပလက်ဝဒေသခံများမှာ ရေလမ်းခရီးသွားလာခွင့်ကို အပိတ်ခံထားရသဖြင့် ဆန်ရိက္ခာအပါအဝင် စားနပ်ရိက္ခာ ပစ္စည်းများကို အခက်အခဲ့အမျိုးမျိုးနှင့်သယ်ယူစားသောက်ခဲ့ရသည်ဟု ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ လုံခြုံရေးစိုးရိမ်မှုကြောင့် အမည်မဖော်ပြလိုသည့် ဒေသခံတစ်ဦးကပြောသည်။

“အားလုံးကိုကန့်သတ်ပိတ်ထားတဲ့အတွက် ကျွန်တော်တို့အသက်စွန့်ပြီး ခိုးကြောင်ခိုးဝှက်သွားခဲ့ရတယ်။ ညနေ ၆ နာရီဆိုရင်သွားကြတယ်။ ဓာတ်မီး မှိတ်တုတ်မှိတ်တုတ်နဲ့သွားရတယ်။ ရေကြောင်းသွားလို့ရတဲ့နေရာတွေကို ရေကြောင်းတစ်ပိုင်း၊ ကုန်းလမ်းတစ်ပိုင်း ဆန်တစ်အိတ်ရဖို့အတွက်သွားခဲ့ရတယ်”ဟု ၎င်းကပြောသည်။

တိုက်ပွဲများပြင်းထန်လာမှုနှင့်အတူ ပလက်ဝမြို့နယ်ရှိကျေးရွာများမှ ဒေသခံသောင်းနှင့်ချီ အသက်အန္တရာယ် လုံခြုံရေးအတွက် မြို့ပေါ်သို့ခိုလှုံလာကြသဖြင့် မြို့ပေါ်လူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ စစ်ဘေးရှောင်များဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုသို့ခိုလှုံလာကြသည့် စစ်ဘေးရှောင်များမှာ စစ်ဘေးဒဏ်အပြင် မြို့ပေါ်လူထုနှင့်အတူ စားဝတ်နေရေးအခက်အခဲများကို ခံစားလာရမှုကြောင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များအထိ ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြသည်။ လက်ရှိအချိန်တွင် ပလက်ဝမြို့ပေါ်၌ စစ်ဘေးဒုက္ခသည် ၇၀၀၀ ကျော်အထိ နေရပ်မပြန်နိုင်သေးဘဲ ရှိနေသေးသည်။

ပလက်ဝမြို့တွင်ရှိနေသည့် စစ်ဘေးရှောင်များမှ ကမ႓ာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ ထောက်ပံ့မှုကို အားထားကာ စားသောက်နေကြရခြင်းဖြစ်ပြီး လက်ရှိတွင်ရိက္ခာမရောက်ရှိသည့်အတွက် စစ်ဘေးရှောင်များ အခက်အခဲများနှင့်ရင်ဆိုင်နေရသည်ဟု ပလက်ဝမြို့ပေါ်ရှိ စိုက်ပျိုးရေးစစ်ဘေးရှောင်စခန်းမှ တာဝန်ခံ ဦးစိန်ရွှေမောင်က ပြောပြသည်။

“ပုံမှန်ဆိုရင် ရိက္ခာက ၁၂ လပိုင်း ၁၈ ရက်နေ့ကနေ ရိက္ခာပေးရမှာ။ အခုကကြာနေပြီ။ စစ်ဘေးရှောင်တွေက ကြုံရာကျပန်းလုပ်ပြီး မငတ်အောင်စားသောက်နေရတယ်”ဟု ဦးစိန်ရွှေမောင်ကဆိုသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နှစ်ဖက်စစ်ရေးတင်းမာမှုများသည် ၂၀၂၀ ရွေးကောက်ပွဲနှင့်အတူ ရပ်တန့်ခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲများရပ်တန့်နေသည်မှာ တစ်နှစ်ကျော်အထိကြာမြင့်ခဲ့ပြီဖြစ်သည်။

သို့သော် ပလက်ဝဒေသခံတို့မှာ ကုန်းလမ်းရေးလမ်းခရီးများကို ပုံမှန်အတိုင်း လွတ်လပ်စွာသွားလာခွင့် မရရှိကြသေးဘဲ တိုက်ပွဲကာလနည်းတူ စားနပ်ရိက္ခာပြဿာနာကို လက်ရှိအချိန်ထိ ဆက်လက်ရင်ဆိုင် ကြုံတွေ့နေရဆဲဖြစ်သည်။

ပလက်ဝဒေသခံတို့မှာ ကျောက်တော်မြို့မှ ရိက္ခာသယ်ယူရာတွင် အခက်အခဲရှိသဖြင့် နောက်ထပ်လမ်းကြောင်း တစ်ခုဖြစ်သော ပလက်ဝ-ဆမီး-မတူပီလမ်းကြောင်းမှတစ်ဆင့် စားနပ်ရိက္ခာများသယ်ယူရန် ကြိုးပမ်းခဲ့ကြသည်။

သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်တော်လှန်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ ပေါ်ပေါက်လာပြီး နောက်ပိုင်းတွင် ပလက်ဝ-ဆမီး-မတူပီလမ်းကြောင်းမှာလည်း သွားလာရန် အခက်အခဲများဖြစ်ပေါ်လာခဲ့သည်။

ပလက်ဝ-ဆမီး-မတူပီလမ်းကြောင်းတွင် PDF အဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားမှုများ ရှိသည့်အတွက် အဆိုပါလမ်းကြောင်းကိုပိတ်ထားရာ ပလက်ဝဒေသခံတို့အတွက် ရိက္ခာသယ်ယူခွင့် မရတော့သည်မှာသုံးလကျော်အထိရှိခဲ့ပြီဖြစ်ကြောင်း ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ လုံခြုံရေးစိုးရိမ်မှုကြောင့် အမည်မဖော်ပြလိုသည့် ဒေသခံကပြောသည်။

“ကျောက်တော်နဲ့ ပလက်ဝလမ်းက သွားလာရတာအဆင်မပြေတော့ ဆမီးကတစ်ဆင့် မတူပီကို မန္တလေးဖက်က အဆင့်ဆင့်သယ်ခဲ့ကြတယ်။ ဒါပေမယ့် အဆင်ပြေတယ်လို့တော့ မဟုတ်ဘူး။ အစစ်အဆေးအမျိုးမျိုးတွေနဲ့ သယ်ခဲ့ကြတယ်။ ကြန့်ကြာမှုတွေရှိခဲ့တယ်။ အခက်အခဲတွေနဲ့ ပလက်ဝမြို့မှာ ရိက္ခာရရှိဖို့လုပ်ခဲ့ကြတယ်”ဟု ၎င်းကဆိုသည်။

ထိုသို့ ပလက်ဝ-ဆမီး-မတူပီကုန်းလမ်းကြောင်းမှ သယ်ယူခွင့်မရှိသည့်အတွက် ပလက်ဝဒေခံများမှာ ကျောက်တော်-ပလက်ဝရေလမ်းကြောင်းကို တဖန်ပြန်လည်အသုံးပြုလာခဲ့ကြသည်။ ယင်းသို့ သွားလာရာမှာလည်း လွပ်လပ်စွာသယ်ခွင့်ရရှိခြင်းမဟုတ်သည့်အတွက် လမ်းခရီးအခက်အခဲများနှင့် သယ်ယူခဲ့ရကြောင်း ပလက်ဝဒေသခံများကပြောသည်။

ပလက်ဝမြို့နယ်အတွက် စားနပ်ရိက္ခာများကို ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာမှတစ်ဆင့် အဆင် ပြေသလိုသယ်ယူခဲ့ရသည်ဟု ပလက်ဝမြို့မှ အမည်မဖော်လိုသည့် ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“ဆန်တစ်အိတ်ရဖို့အတွက် အဆင့်ဆင့်သယ်ယူနေရာတာကြောင့် အလုပ်သမားခတွေ၊ စက်လှေခတွေက အဆမတန်ပေးဆောင်ရတဲ့အတွက် စျေးနှုန်းက တစ်ဆပိုပေးပြီးဝယ်ယူရတယ်။ ဒီလိုမျိုးစျေးနှုန်းတွေ ပိုပေးရတဲ့အတွက် ဆင်းရဲနွမ်းပါးသူတွေ ပိုပြီးထိခိုက်မှုဖြစ်ရတယ်”ဟု ၎င်းကပြောသည်။

ထိုသို့ ဆန်ရိက္ခာသယ်ခွင့်မရရှိသဖြင့် ပလက်ဝမြို့အတွင်းကုန်စျေးနှုန်းမှာ လျော့ကျသွားခြင်းမရှိဘဲ ဒေသခံများမှာ ပုံမှန်စျေးထက်တစ်ဆပိုပေးကာ ဝယ်ယူစားသောက်နေကြရကြောင်း သိရသည်။

တိုက်ပွဲကာလမှာ ကုန်စျေးနှုန်းများနှစ်ဆခန့်မြင့်တက်ခဲ့ပြီး တိုက်ပွဲရပ်တန့်နေချိန်တွင်လည်း ကုန်စျေးနှုန်းများ မြင့်မားနေဆဲ ဖြစ်ကာ ပုံမှန်(၁)သောင်းကျော်ရှိသည့် ဆန်တစ်အိတ်ကို ၃၈၀၀၀ ကျပ်နှင့် ဝယ်သူစားသုံးနေရကြောင်း ပလက်ဝဒေသခံများက ဆိုသည်။

လက်ရှိအုပ်ချုပ်နေသည့် ရခိုင်ပြည်နယ်စစ်ကောင်စီမှ ကုန်စည်စီးဆင်းမှု အဆင်ပြေစေရန်အတွက်ဟုဆိုကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှစ၍ ကျောက်တော်-ပလက်ဝကို ဇက်ရေယာဉ်ဖြင့် ပြေးဆွဲပေးလျက်ရှိသည်။ အဆိုပါရေယာဉ်တွင် စီးနှင်းလိုက်ပါသူများကို တစ်ဦးလျှင် ငွေကျပ် ၁၈၀၀ ကောက်ခံပြီး ကုန်တစ်တန်လျှင် ၁၁၂၀၀ ကောက်ခံကာ တစ်ပတ်လျှင် နှစ်ကြိမ် ပြေးဆွဲပေးလျက်ရှိသည်။

ကျောက်တော်-ပလက်ဝရေကြောင်းခရီးစဉ်ပြေးဆွဲနေခြင်းမှာ စီးနှင်းခနှင့် ကုန်သယ်ယူခြင်းများအတွက်  အရှုံးပေါ်မှုရှိသော်လည်း ဒေသနှစ်ခုအကျိူးရှိစေရေးအတွက် လုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။

“အဓိကအားဖြင့် ဟိုဒေသနဲ့ ဒီဒေသဆိုရင် ဆန်ရေစပါးပေါ့။ ကျွန်တော်တို့ဆီမှာ စပါးတွေဒီလောက်ထွက်နေတာ ဆန်အိတ်တွေသယ်မယ်၊ သူ့တို့ဆီမှာရောင်းမယ်။ ကျွန်တော်တို့ဆီက တောင်သူတွေအကျိုးရှိမယ်။ အလားတူပဲ ပလက်ဝဒေသတွေမှာ တောင်သူတွေစိုက်တဲ့သီးနှံတွေရှိမယ်။ လယ်သမားတွေ စိုက်တာတွေရှိမယ်။ အထူးသဖြင့် ပဲတို့နှမ်းတို့။ အဲဒီပဲတွေနှမ်းတွေကို ကျောက်တော်လာရောင်းရတယ်”ဟု ဦးလှသိန်းက ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့က စစ်တွေမြို့တွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

သို့သော် ပလက်ဝမြို့အတွက် အဓိကလိုအပ်သည့်ဆန်ရိက္ခာကို ရေယာဉ်ဖြင့်သယ်ယူခွင့်မရရှိဘဲ လူစီးနင်း လိုက်ပါခွင့်နှင့် အခြေခံစားသောက်ကုန်အချို့ကိုသာ သယ်ခွင့်ရရှိကြောင်း ပလက်ဝဒေသခံများက ပြောဆိုကြသည်။

ပလက်ဝမှမြို့မှ နောက်ထပ်အမည်မဖော်လိုသည့် ကုန်စုံဆိုင်ရှင်တစ်ဦးက “ရေယာဉ်ပြေးဆွဲနေပေမယ့် ကန့်သတ်ပစ္စည်းတွေရှိတယ်။ ဆန်၊ ဆီ၊ သံ၊ ဘိလပ်မြေမတင်ရဘူး။ ဒါတွေကိုမတင်ရတော့ ကုန်စျေးနှုန်းက မြင့်တက်နေဆဲဖြစ်တယ်။ ကျနော်တို့ ပလက်ဝဒေသခံတွေလိုအပ်တာက အဓိကဆန်ပဲလိုအပ်တယ်။ အခု ဆီတစ်ဂါလံတောင်တင်ခွင့်မရဘူး။ ရေယာဉ်ပြေးဆွဲနေတာကောင်းပေမယ့် ဆန်မရတာကြောင့် ကျနော်တို့ မြို့အတွက် အထောက်အပံ့မဖြစ်ဘူး”ဟု ပြောသည်။

လက်ရှိ ပလက်ဝမြို့အတွက်လိုအပ်သည့် စားနပ်ရိက္ခာများကို သွားလာသယ်ဆောင်ခွင့်ကန့်သတ်ခံထားရသည့် လမ်းကြောင်းများကိုရှောင်တိမ်းကာ သယ်ဆောင်၍ရမည်ဟုယူဆရသော တောလမ်းငယ်များကိုဖြတ်ကာ သယ်ဆောင်နေရကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

ယင်းသို့အခက်အခဲများနှင့် သယ်ဆောင်နေရသည့်အတွက် စစ်ကောင်စီမှပြေးဆွဲနေသော ရေယာဉ်ပေါ်တွင် ပလက်ဝမြို့အတွက်အဓိကလိုအပ်သည့် ဆန်ရိက္ခာများကို လွတ်လပ်စွာတင်ဆောင်သယ်ယူခွင့်ရရှိရန် ဒေသခံများက တောင်းဆိုနေကြသည်။

ကျောက်တော်-ပလက်ဝရေလမ်းခရီးအား လွတ်လပ်စွာသွားလာခွင့်မရှိသမျှ ပလက်ဝဒေသခံများမှာ ထိုသို့ စားရေးသောက်ရေးအတွက် အခက်အခဲများနှင့် ဆက်လက်ရင်ဆိုင်ကြုံတွေ့နေကြရအုံးမည်ဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/2205795519572847

Leave a Reply

Your email address will not be published.