By Western News/ 2022 January 8
ဓာတ်ပုံ -ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာကို တပ်မတော် စစ်ကြောင်းက ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ဒီဇင်ဘာ ၁၁ ရက်၊ ည ၁၁ နာရီဝန်းကျင်လောက်က ဝင်ရောက်လာကာ သေနတ်ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာနေ ဒေါ်ဖြူဖြူဝင်း သေဆုံးပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကတော့ နှိပ်စက်ခံရတာကြောင့် သေဆုံးခဲ့
အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် တရားရင်ဆိုင်နေရသည့် မင်းပြားဒေသခံ ၇ ဦးအမှုတွင် လိုပြသက်သေအားလုံးကို စစ်ဆေးပြီးစီးပြီးဖြစ်သော်လည်း မြောက်ဦးခရိုင် တရားရုံးက စွဲချက်အမိန့်ချရန် ၁ နှစ်နီးပါးကြန့်ကြာနေသည်။
ယင်းဒေသခံ ၇ ဦးသည် ဖမ်းဆီးတရားစွဲဆိုခံရချိန်မှစ၍ ရုံးချိန်းပေါင်းမြောက်များစွာကို ၂နှစ်နီးပါးကြာရင်ဆိုင်နေရသော်လည်း စွဲချက်အမိန့်ချဖို့ စောင့်ဆိုင်းနေသည်မှာ၁ နှစ် နီးပါးကြန့်ကြာနေခြင်းဖြစ်သည်။
တရားရင်ဆိုင်နေရသည့် မိသားစုဝင်များသည် ရုံးချိန်းသည့်အခါတိုင်း သွားရောက်သော်လည်း တစ်စုံတရာ ထူးခြားမှုမရှိဘဲ ပုံမှန်ရုံးခေါ်ပြီး သွားနေရ၍ တရားရုံး၏ လုပ်ဆောင်မှုကို စိတ်ပျက်မိကြောင်းစိတ္တရကျေးရွာမှ ဖမ်းဆီးခံ ကိုဘညွှန့်၏ ဖခင်ဖြစ်သူကပြောသည်။
“အရင်တုန်းက ရုံးချိန်းတွေ ၁ လ ၄ ကြိမ်ပုံမှနပဲ။ ခုထိလည်း ၁ လ နှစ်ကြိမ် ပုံမှန်သွားနေရပါတယ်။ ဘာမှ လည်းမထူးခြားပါဘူး။ ကျန်းကျန်းမာမာရှိနေတာတော့ ရုံးချိန်းသွာရင် တွေ့ရပါတယ်။အဝေးကနေပဲ လှမ်းပြောရတာပေါ့။ တရားသူကြီးကိုယ်တိုင်ကတောင် ကျွန် တော်တို့ကို ခင်ဗျားတို့သားကို ကျွန်တော်ထောင်ချလို့ လည်းမရဘူး။ ပြန်လွှတ်လို့လည်းမရဘူးတဲ့။ တရားရုံးရဲ့လုပ်ဆောင်ချက်ကိုတော်တော်စိတ်ပျက်မိတယ်။ သူတို့တွေမှာ အပြစ်မရှိလို့ အမြန်လွတ်စေချင်ပါပြီ”ဟုပြောသည်။
အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(က) ၅၂(ည)တို့ဖြင့်တရားစွဲခံထားရသူများမှာ မင်းပြားမြို့နယ် စိတ္တရကျေးရွာမှ ကိုဘညွှန့်၊ တောင်ပုတ်ကေကျေးရွာမှ ကိုအောင်ဆန်းနိုင်၊ ကိုနေလင်းထွန်း၊ ကျောက်မော်ကျေးရွာမှ ကိုကျော်မင်းထွန်း၊ ငန်းတက်ကျေးရွာမှ ကိုမြောက်ဦးချေ၊ ကိုမောင်မောင်သန်းနှင့် ကိုအောင်နိုင်တို့ဖြစ်သည်။
အဆိုပါ ကျေးရွာသား ၇ဦးအမှုတွင် လိုပြသက်သေအားလုံးကို စစ်ဆေးပြီးစီးပြီးဖြစ်ကာ တရားရုံးဖက်က စွဲချက်အမိန့်ချရန်သာ ကျန်ရှိတော့သည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ် ဦးသန်းခိုင်ကပြောသည်။
“သူတို့ ၇ဦး အမှာ လိုပြသက်သေတွေကတော့ အားလုံး စစ်ဆေးပြီးပါပြီ။ တရားရုံးဖက်က စွဲချက်အမိန့်ချ ဖို့ပဲကျန်တော့တာပေါ့။ စွဲချက်အမိန့်ချဖို့ကြန့်ကြနေတာ က ၁နှစ်နီးပါးလောက်တော့ရှိပြီပေါ့။ တရားရုံးဖက်က ဘာလို့ စွဲချက်အမိန့်မချသေးတာလဲဆိုတာတော့ မသိပါ ဘူး”ဟုပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့က စိတ္တရကျေးရွာသို့ ညည့် ၁၁ နာရီအချိန်တွင် မင်းပြားမြို့ ၃၈၀ တပ်ရင်းမှ စစ်သားများဝင်ရောက်လာပြီး နောက် ကျေးရွာမှ အုပ်ချုပ်ရေးမှူးအပါအဝင် ကလေးမိခင်တစ်ဦးနှင့် နောက်ထပ်တစ်ဦးကိုပါ သေနတ်ဖြင့်ပစ်သတ်ခဲ့သည်။ ယင်းအပြင် အဆိုပါကျေးရွာသား ၇ဦးကိုလည်းဖမ်းဆီးခဲ့သည်။
အဆိုပါ အကြမ်းဖက် ဥပဒေပုဒ်မများ ဖြင့် ဖမ်းဆီးတရားစွဲခံရသူ ၇ဦးမှာလည်း အနီးနားကျေးရွာ မှနေ၍ စိတ္တရကျေးရွာတွင် လယ်အငှားလုပ်နေသူများနှင့် စိတ္တရ ဒေသခံများဖြစ်ကြသည်။
၎င်းတို့ ၇ဦးကို ဖမ်းဆီးပြီးနောက် မင်းပြားမြို့ ၃၈၀ တပ် ရင်းမှ ဗိုလ်ကြီးမျိုးမင်းသူနှင့် ဗိုလ်ကြီးမောင်မောင်သန်းတို့က တရားလုပ်ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၅၂(ည) တို့ဖြင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
စွဲချက်အမိန့်ချရန်သာ ကျန်ရှိနေသည့်အမှုမှာ စွဲချက်မချ ဘဲ ၁နှစ်နီးပါးကြန့်ကြာနေသည့်အတွက် အမှုသည်များနှင့်မိသားစုများတွင်လည်း များစွာနစ်နာရသည်ဟု တရားရင်ဆိုင်နေရသည့် ကျောက်မော်ကျေးရွာမှ ကိုကျော်မင်းထွန်း၏ အကိုဖြစ်သူ ကိုထွန်းမြင့်သိန်းက ပြောသည်။
” စွဲချက်အမိန့်ချမှာကို မချဘဲ ရုံးချိန်းတွေပဲ ပေးနေတာ ၁နှစ်နီးပါးရှိနေပါပြီ။ ဘာမှမထူးပါဘူး။ အပြစ်မရှိတာ ကို လွှတ်ပေးတော့ပေါ့၊ အခုက အကျဉ်းချုပ်ထဲမှာ နေရတော့ သူတို့အတွက် နစ်နာတာပေါ့ဗျ။ မိသားစု တွေလည်း သူတို့အတွက် စိုးရိမ်နေကြတယ်”ဟုပြော သည်။