သံတွဲမြို့နယ်ရှိ ဂျိုင်သာကျေးရွာအား လာမည့် ၁၅ ရက်နေ့ နောက်ဆုံး ပြောင်းရွှေ့ဖို့ စစ်ကောင်စီက အမိန့်ထုတ်

By Western News/ 2022 January 13

ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ ဂျိုင်သာကျေးရွာမှ နေအိမ်များအား လာမည့် ဇန်နဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထားပြောင်းရွေ့ဖို့ စစ်ကောင်စီက အကြောင်းကြားထားကြောင်း ကျေးရွာသားများကပြောသည်။

ဂျိုင်သာကျေးရွာ၏ တည်နေရာမှာ ရေတပ်ပိုင်နယ်မြေဖြစ်၍ ဟုဆိုကာ ကျေးရွာနှင့် ၂ မိုင်ကျော်ခန့်ဝေးသည့် အစိမ်းမတောင်သို့ ပြောင်းရွှေ့ရမည်ဟု စစ်ကောင်စီက ပြောဆိုထားကြောင်း ကျေးရွားသားတစ်ဦးကပြောသည်။

“ကျနော်တို့ကိုပြောင်းရမယ့်နေရာသတ်မှတ်ထားတယ်။ ဒီကနေ ၂ မိုင်ကျော်လောက်ဝေးတဲ့အစိမ်းမတောင်မှာ မြေတွေကိုညှိပြီး အကွက်ရိုက်စနစ်နဲ့ နေရာချထားတယ်။ အဲဒါလွဲရင် ဘာထောက်ပံ့တာတွေမှ လုပ်ဆောင်ပေးဖို့မပြောပါဘူး။ အကြောင်းကြားစာမှာတော့ ဒီလ  ၁၅ ရက်နေ့အပြီးပြောင်းရမယ်လို့ပါတယ်။ ဒီနေ့ ရွာက ဌာနဆိုင်ရာပိုင်းတွေက အစည်းဝေးလာပြောသွားတယ်။ ဘယ်နေ့အတိအကျပြောင်းရမယ်ဆိုတာတော့မပြောသွားဘူး။ ဒါပေမယ့် နှစ်ပေါင်း များစွာနေလာတဲ့သူတွေတောင် သမားရိုးကျဆိုတာမရှိဘူး။ ကျနော်တို့နေတာဟာ ကျူးကျော်မြေပဲ ဆိုတဲ့ပုံစံမျိုး ကျနော်တို့ရွာသားတွေကို ပြောသွားပါတယ်” ဟုပြောသည်။

ပြောင်းရွေ့ရမည့် ဂျိုင်သာကျေးရွာမှာ ယခင် ၁၉၇၅ ခန့်လောက်မှစ၍ မြေနေရာများအားရှင်းလင်းကာ အစဉ်အဆက်နေထိုင်လာသော နေရာတစ်ခုဖြစ်ပြီး ၁၉၉၆ ခုနှစ် ၎င်းကျေးရွာ၌ အိမ်ခြေ ၃၀ ခန့်ရှိနေသည့်အချိန်တွင် ရေတပ်ပိုင်နယ်မြေအဖြစ် သတ်မှတ်လိုက်သော နယ်မြေတစ်ခုဖြစ်သည်။

ထိုသို့ ရေတပ်နယ်မြေအဖြစ်သတ်မှတ်ချိန်၌လည်း ကျေးရွာအတွင်းနေထိုင်သူများအား ပြောင်းရွေ့ရမည့်အကြောင်း တစ်စုံတစ်ရာပြောဆိုခြင်းမရှိခဲ့ဘဲ လက်ရှိစီမံကိန်းတစ်ခုကြောင့်ဟုဆိုကာ နေအိမ်များအားပြောင်းရွေ့ရန် အကြောင်းကြားလာခြင်းဖြစ်သည်ဟု ဂျိုင်သာကျေးရွာသား နောက်တစ်ဦးကလည်းပြောသည်။

“ကျနော်တို့ ဒီမှာနေလာတာ ဘိုးဘွားတွေလက်ထက်ကတည်းကပါ။ ဒီရွာမှာနေထိုင်စားသောက်လို့ သေသွားတဲ့သူတွေလည်းအများကြီးဖြစ်သွားပြီ။ ဒီရွာကို ၁၉၉၆ ခုနှစ်ကရေတပ်ပိုင်အဖြစ်သိမ်းတယ်လို့ကြားမိတယ်။ အဲ့ဒီတုန်းက ရွာမှာ အိမ် ၃၀ လောက်ရှိနေပြီ ဒါပေမယ့် ပြောင်းရမယ်တို့ဘာတို့ ဘာမှမပြောခဲ့ဘူး။ အခု ပြီးခဲ့တဲ့လကမှ ရပတ ကအစည်းဝေးခေါ်ပြီး စီမံကိန်းတစ်ခုရှိတယ် ဆိုပြီးပြောတယ်။ ပြီးတော့ မြို့နယ်အုပ်ချုပ်ရေးတွေပိုင်းက အိမ်ပြောင်းရွေ့ရမယ်ဆိုပြီး အကြောင်းကြားစာရောက်လာတာပဲ” ဟုပြောသည်။

ဂျိုင်သာကျေးရွာမှာ သံတွဲမြို့နယ် ကျောက်ကလပ်အုပ်စုရှိ ကျေးရွာတစ်ရွာဖြစ်ပြီး ပင်လယ်ကမ်းစပ်ကျကာ ၎င်းကျေးရွာသားများမှာ ရေလုပ်ငန်းကိုအဓိကထား၍ အသက်မွေးကြခြင်းဖြစ်သည်။

ကျေးရွာသားများအား ယခုပြောင်းရွေ့ခိုင်းထားသည့် အစိမ်းမတောင်မှာ သောက်သုံးရေလည်းအဆင်မပြေကြောင်း အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်စားသောက်ရန်လည်းခက်ခဲသွားပြီး မြေနေရာအားလည်း ညှိပြီး ဖို့ထားသည့်အတွက် မိုးတွင်းကာလအတွင်လည်း စိုးရိမ်ရသည့်အနေအထားတွင်ရှိ၍ ပြောင်းရွေ့ရန် မည့်သို့မျှအဆင်မပြေနိုင်ဟု ကျေးရွားသားများကပြောသည်။

အဆိုပါ နေအိမ်ပြောင်းရွေ့ရမည့် ကိစ္စနှင့်ပတ်သက်၍ ကျောက်ကလပ်အုပ်စု အုပ်ချုပ်ရေးမှုး ဦးကိုကိုနိုင်အား Western News မှ ဆက်သွယ်မေးမြန်းရာ “နေအိမ်တွေပြောင်းရမယ်ဆိုတာဟုတ်ပါတယ်။ ကျနော့်ကို မြို့နယ်အုပ်ချုပ်ရေးပိုင်းက ညွှန်ကြားလာလို့ ရွာသားတွေကို အကြောင်းကြားထားပါတယ်။ သူတို့နေတာက ရေတပ်ပိုင်မြေဖြစ်နေတယ်လေ။ အခုသူတို့ကို အဲ့ကနေ ၂ မိုင်ကျော်လောက်ဝေးတဲ့ နေရာမှာ နေဖို့စီစဉ်ပေးထားတယ်။ အစကတော့ မဲစနစ်နဲ့ နေမယ့်နေရာခွဲပေးမလို့ပါ။ ဒါပေမယ့် စောစောရောက်တဲ့လူ ကြိုက်တဲ့နေရာရွေးနေလို့ရတယ်လို့ပြောထားပြီ” ဟုပြောသည်။

ယခုအရေးနှင့် ပတ်သက်၍ မည်သို့ဆက်လက်ဆောင်ရွက်နေကြောင်း မေးမြန်းရန် သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူးအားဆက်သွယ်ခဲ့ရာ ဆက်သွယ်၍ မရရှိခဲ့ဘဲ ဒုမြို့နယ် အုပ်ချုပ်ရေးမှူးအား ဆက်သွယ်ကြည့်ရာ ကျေးရွာအားကွင်းဆင်းစစ်ဆေးသည့်အခါ သူမပါသည့်အတွက် အသေးစိတ်မသိရှိကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။

သံတွဲမြို့နယ်ကျောက်ကလပ်အုပ်စုတွင် ကျေးရွာအုပ်စု ၆ အုပ်စုရှိပြီး စုစုပေါင်းအိမ်ခြေ ၂၀၀၀ ခန့်လောက်ရှိကာ နေအိမ်များပြောင်းရွေ့ရမည့် ဂျိုင်သာကျေးရွာမှာ အိမ်ခြေ ၆၃ အိမ်ခန့်ရှိပြီး လူဦး ၃၀၀ ခန့်နေထိုင်ကြသော ကျေးရွာတစ်ရွာဖြစ်သည်။

ပြီးခဲ့သည် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး သံတွဲမြို့နယ်ရှိ ဂျိုင်သာကျေးရွာအားဖယ်ရှားပေးဖို့ စစ်တပ်က အမိန့်ထုတ်ပြန်မှုရှိခဲ့သည်။

https://www.facebook.com/westernnewsagency/posts/446071617199348

Leave a Reply

Your email address will not be published.