သတင်းရေးသားခြင်းသည် ရာဇဝတ်မှုလား(သတင်းဆောင်းပါး)

By Western News/ 2022 January 11

စတုက္ထမဏ္ဍိုင်လို့ခေါ်တဲ့ သတင်းမီဒီယာ အခန်းကဏ္ဍထဲက လွတ်လပ်တဲ့ သတင်းဌာနတွေက ပုဂ္ဂိုလ်တွေကို စစ်ကောင်စီက ဖိနှိပ်ဖို့ ကြိုစားနေတာဟာ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်းမှာ ထင်ထင်ရှားရှား မြင်တွေ့နေရပါတယ်။
အခုဆိုရင် ရခိုင်ဘက်မှာလည်း ပြည်သူတွေ သိသင့်သိထိုက်တဲ့ သတင်း အချက်အလက်တွေကို လွတ်လပ်စွာ ရေးသား၊ ဖော်ပြနေတဲ့ သတင်းဌာနတွေကို ပိတ်သိမ်းသွား အောင်အထိ စစ်ကောင်စီက လုပ်ဆောင်လာနေတာကို တွေ့နေရမှာပါ။ ဒါတွေက ဘာကြောင့်ပါလဲ။
ဒီအခြေအနေကရော ရခိုင် မြေပြင်သတင်းထောက်တွေကို စိုးရိမ်စိတ်တွေနဲ့ ဒီအလုပ်ကို မလုပ်တော့ဘူးလား။ နားလိုက်တော့မှာလား ဆိုတဲ့အကြောင်းအရာတွေနဲ့ ဆက်စပ်ပြီး သတင်းသမားတွေ သတင်းမီဒီယာ ဝါရင့် ဆရာကြီးတွေရဲ့ သုံးသပ်ချက်တွေနဲ့အတူ ဒီဆောင်းပါးကို စုစည်းဖော်ပြပေးပါမယ်။
၂၀၂၂ နှစ်ဆန်းပိုင်းမှာ ရခိုင်အခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ Western News သတင်းဌာန သို့မဟုတ် တည်ထောင်သူကို ထောင်ဒဏ်နှစ် ၂၀ ထိချမှတ်နိုင်တဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ တရားစွဲထားတဲ့အတွက် အယ်ဒီတာချုပ်နဲ့ သတင်းသမားတွေဟာ တိမ်းရှောင်နေကြရပြီး သတင်းတင်ဆက်မှု တချို့ အစီစဉ်တွေကို ရပ်နားထားရတယ်လို့ သိရပါတယ်။
Western News သတင်းဌာန အယ်ဒီတာချုပ် ကိုဝဏ္ဏခွါညိုကတော့ “ကျနော်တို့ကြားထားတာက ၁၂၄- (က) နဲ့ ခရိုင်တရားရုံးကို ဦးတိုက်လျှောက်ထားတယ်လို့ ကြားတယ်။ တိတိကျကျ ကျနော်တို့ဆီကို စာနဲ့ရော၊ ဖုန်းနဲ့ ရော ရောက်လာတာ အကြောင်းကြားလာတာ မရှိသေးဘူး” လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က ရခိုင်ပြည်နယ်စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကတော့ မြန်မာစစ်တပ်အပေါ် ပြည်သူတွေ အထင်လွှဲမှားအောင်နဲ့ ယုံကြည်မှု လျော့နည်းအောင် သတင်းရေးသားမှုကြောင့် တရားစွဲထား တယ်လို့ တရားဝင် အသိပေးခဲ့ပါတယ်။
“Western News ကို အမှုဖွင့်ထားတယ်လို့ သိရတယ်။ စစ်တွေခရိုင်တရားရုံးမှာ ဦးတိုက်အမှုနဲ့လျှောက်ထား တယ်။ ပုဒ်မက ၁၂၄- က နဲ့ပေါ့။ အမှုအခင်း အကြောင်းအရာကို မသိဘူး။ တရားရုံးကတော့ ဦးတိုက်လျှောက်တဲ့ အမှုတွေမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်လျက်ရှိတယ်။ လူနာမည်နဲ့ဖွင့်တာလား ဘာလား မသိဘူး” လို့ ဦးလှသိန်းက မီဒီယာတွေကို ဖြေဆိုထားတာပါ။
Western Newsက သတင်းဖော်ပြမှုနှင့်ပတ်သက်ပြီးတော့ သတင်းရေးသားသူကို စွဲတာလား သတင်းဌာန၊ မဟုတ်ရင် အယ်ဒီတာချုပ်ကို စွဲတာလား ဆိုတာကိုတော့ တိတိကျကျသိနိုင်ဖို့ သတင်းထောက်တွေက မေးမြန်းခဲ့ပေမယ့်လည်း ဦးလှသိန်းက တိတိကျကျ သတင်းစာရှင်းလင်းပွဲမှာ အသေးစိတ်ကို မပြောခဲ့ပါဘူး။
“ ယေဘုယျ အားဖြင့်တော့ တပ်မတော်အပေါ်မှာ လူတွေ အထင်အမြင်တွေ လွဲသွားအောင်၊ ယုံကြည်မှု လျော့အောင် ပလက်ဝဖက်က သတင်းတစ်ပုဒ်ကို Western News ကတင်တာ။ သတင်းဌာနကိုစွဲတာလား။ အင်တာဗျူးဖြေတဲ့သူကို စွဲတာလားဆိုတာ မသိဘူး” လို့ ဦးလှသိန်းက ပြောခဲ့တာပါ။
ပြီးခဲ့တဲ့၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ကတော့ Western News သတင်းဌာန တရားဝင် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ရှိတဲ့ စစ်ကောင်စီတပ်ရင်းတခုရဲ့ တောင်ကုန်းပေါ်မှာ အလံဖြူ ထောင်ထားတာကို ဒေသခံတွေ မြင်တွေ့ရသည်တယ် ဆိုတဲ့ သတင်းတစ်ပုဒ်ဖော်ပြခဲ့ပါတယ်။
ကိုဝဏ္ဏခွာညိုကတော့ “ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီဘက်က အလံဖြူထောင်တဲ့ ကိစ္စနဲ့ သတင်း တစ်ပုဒ်တင်ခဲ့တယ်။ ဒီသတင်းကလည်း ခိုင်ခိုင်မာမာ ရထားတဲ့ သတင်းပဲ။ အချက်အလက်တွေ ပြည့်ပြည့်စုံစုံနဲ့ တင်လိုက်တာ” လို့ဆိုပါတယ်။
အခု Western News ကို စွဲဆိုထားတဲ့ ပုဒ်မ ၁၂၄ – က ဆိုတာဘာလဲလို့ ကြည့်ရအောင်ပါ။
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၄-က ဟာ မည်သူမဆို နှုတ်နဲ့ဖြစ်စေ၊ စာ၊ အမှတ်အသား၊ ထင်ရှားတဲ့ ပုံသဏ္ဍာန်နဲ့ဖြစ်စေ၊ အခြားနည်းနဲ့ ဖြစ်စေ၊ ပြည်ထောင်စုအတွက် သို့တည်းမဟုတ် ပြည်ထောင်စု အဖွဲ့ဝင်တွေအတွက် ဥပဒေအရ တည်ထောင်ထားတဲ့ အစိုးရ၊ သို့မဟုတ် တပ်မတော် သို့မဟုတ် တပ်မတော်သားတွေကို မုန်းလာအောင်၊ မလေးစားအောင် ပြုခဲ့ရင် သို့တည်းမဟုတ် ထိုသို့ပြုရန် အားထုတ်ရင် သို့မဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်ရင် သို့မဟုတ် လှုံ့ဆော်ရန် အားထုတ်ရင် ထိုသူကို ငွေဒဏ်နဲ့ တကွ၊ နှစ်နှစ်ဆယ်ထိ ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်နဲ့ တကွ ခုနှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ၊ ရမှတ်ရမယ် လို့ ပြဌာန်းထားပါတယ်။
သတင်းစာဝါရင့် သတင်းစာဆရာ ဦးမြင့်ကျော်က “၁၂၄ (က) ဆိုတာက အဓိပ္ပာယ်ဖွင့်ဆိုချက် ပြင်လိုက်တော့ တပ်မတော် ဆိုတာပါလာတယ်။ အရင်တုန်းကတော့ တပ်မတော်နဲ့ မဆိုင်ဘူး။ နိုင်ငံတော်ဆိုပြီးပါတယ်။ အခုက ဖေဖော်ဝါရီလမှာ ပြင်ဆင်ချက်ထုတ်လိုက်တော့ တပ်မတော်ဆိုတာ ပါလာပြီး အနှစ် ၂၀ လောက်အထိ ချလို့ရတဲ့ဟာ မျိုးဖြစ်နေတယ်” ဟု ဆိုပါတယ်။
အရင်က မူရင်းပြဋ္ဌာန်းထားခဲ့တဲ့ ပုဒ်မ ၁၂၄ – က မှာ ပြည်ထောင်စု အစိုးရအဖွဲ့ကို အမုန်း ထားအောင် မလေးစားအောင် ပြုလုပ် အားထုတ်ခဲ့ရင် သို့မဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်ရင် အားထုတ်ရင် ငွေဒဏ်နဲ့တကွ ထောင်ဒဏ် ၃ နှစ် မှ စပြီးတော့ တသက်တကျွန်း ထောင်ဒဏ်ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားခဲ့တာပါ။
အဲဒီပုဒ်မကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြန်လည်ပြင်ဆင်လိုက်တာကတော့ ပြည်ထောင်စု အစိုးရအဖွဲ့ အပါအဝင် တပ်မတော်နဲ့ တပ်ဖွဲ့ ဝင်တွေကို အမုန်းထားအောင် မလေးစားအောင် ပြုလုပ်အားထုတ်ရင် သို့မဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်အား ထုတ် ရင် ငွေဒဏ်နှင့်တကွ ထောင်ဒဏ် ၇ နှစ်မှ အနှစ် ၂၀ အထိ ပြစ်ဒဏ် ချမှတ်နိုင်တယ်လို့ ဆိုထားတာပါ။
ဒါကြောင့် ဒီပုဒ်မဟာ တော်တော်လေးကို ကြောက်လန့်အောင်၊ ဒီအကြောင်းအရာတွေကို မရေးသားနိုင်အောင် လုပ်လိုက်တာလို့ ဝေဖန်နေကြတာပါ။
ဒါ့အပြင် နိုဝင်ဘာလ ၁ ရက်နေ့ကလည်း စစ်ကောင်စီက ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပါ ပုဒ်မ ၂ ပုဒ်မခွဲ (က) ၊ ပုဒ်မ ၉၆၊ ပုဒ်မ ၉၇ ၊ ပုဒ်မ ၉၈ ပါ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ပြီးတော့ ပုဒ်မ ၉၉ နှင့် ပုဒ်မ ၁၀၅ တို့မှာ ဖြည့်စွက်ချက်တွေနဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ထည့်သွင်းလိုက်တာကိုလည်း တွေ့ရပါတယ်။
ဥပဒေတွေပြင်ဆင်ရတဲ့ အကြောင်းကို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ မီဒီယာကို စတုတ္ထမဏ္ဍိုင် အဖြစ် အသိအမှတ်ပြုပေမယ့် တာဝန်ယူမှု တာဝန်ခံမှု နည်းပါးတဲ့အတွက် ထိရောက်မှုရှိဖို့ အခုလိုပြင်ဆင် တာလို့ RFA ကို ဝန်ခံထားပါတယ်။
“ကျွန်တော်တို့ ရည်ရွယ်တာက တရားဥပဒေဟာ ထိရောက်တဲ့ ကုစားနိုင်မှုပေးရမယ်။ ထိရောက်သော ကုစားနိုင်မှု ဆိုတာက နှစ်ဖက်စလုံးအတွက်ပါတယ်။ ထိရောက်တဲ့ ကုစားမှုပေးဖို့ ထိရောက်တဲ့ ပြစ်မှုတွေ ပြစ်ဒဏ်တွေရှိရမှာမို့ ကျွန်တော်တို့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်” လို့ RFA သတင်းမှာ ပြောဆိုထားပါ။
တခါ လက်ရှိမှာတော့ ရခိုင်အခြေစိုက်မီဒီယာတွေကတော့ Western News နဲ့အတူ Development Media Group (DMG)၊ Narinjara၊ Border News Angency၊ Arakan Yoma၊ Voice Of Westland၊ ရခိုင့်ယဉ်ကျေးမှု ဂျာနယ်၊ Arakan Princess Media စတဲ့ မီဒီယာတွေကိုတွေ့ရပါတယ်။
အဲဒီအထဲမှာ သတင်းတင်ဆက်မှုအားကောင်းပြီး လူ့အခွင့်အရေးနဲ့ အာဏာပိုင်တွေရဲ့ လုပ်ဆောင်ချက်တွေကို အမြဲမပြတ် ဝေဖန်ထောက်ပြ ရေးသား ဖော်ပြနေမှု အားကောင်းတာကတော့ DMG၊ Narinjara၊ Western News သတင်းဌာနတို့ ကိုတွေ့ရသလို ပြည်တွင်း၊ ပြည်မ၊ ပြည်ပ သတင်းပရိတ်သတ် အခိုင်အမာရရှိထားတဲ့ သူတွေပါ။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကို မကျေနပ်တဲ့ ပြည်သူလူထု များစွာက ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြမှုတွေကို စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့တွေက အကြမ်းဖက်နှိမ်နှင်းမှု ဖြစ်စဉ်တွေအပေါ် မြေပြင်ကွင်းဆင်း ဓာတ်ပုံ၊ ဗွီဒီယိုမှတ်တမ်းတွေနဲ့ ဖော်ပြခဲ့မှုကြောင့် စစ်ကောင်စီက သတင်းသမားတွေကို လိုက်လံဖမ်းဆီးခဲ့ပါတယ်။ ဒါကြောင့် တချို့ သတင်းသမားတွေက အလုပ်ကနေနားလိုက်တာတွေ၊ တိမ်းရှောင်နေရတာတွေအများကြီး ရှိနေတာပါ။
ဒါ့အပြင် Myanmar Now၊ Mizzima၊ 7 Days၊ DVB၊The 74 Media၊ Delta News Agency၊ ရန်ကုန်ခေတ်သစ်မီဒီယာ၊ မြစ်ကြီးနား သတင်းဂျာနယ်နဲ့ တာချီလိတ် သတင်းအေဂျင်စီဆိုတဲ့ ပုဂ္ဂလိက သတင်းမီဒီယာ ကိုးခုကို စစ်ကောင်စီက လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ပိတ်သိမ်းခဲ့ပါတယ်။
အဲဒီထဲက 7 Day နဲ့ မြစ်ကြီးနားသတင်းဂျာနယ်ကတော့ လုံးဝရပ်တန့်သွားခဲ့ပါတယ်။ ဒါ့အပြင် ပိတ်သိမ်းမခံရပေမယ့် အာဏာသိမ်းမှုနောက်ပိုင်းမှာ Myanmar Timesအပါအဝင် တခြား သတင်းဌာအချို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် သတင်းထုတ်လွှင့်တာကို မတွေ့ရတော့ပါဘူး။
Myanmar Press Freedom In-Depth ရဲ့ ပြုစုထားတဲ့ စာရင်းအရ အာဏာသိမ်းနေ့မှစပြီး ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ဖမ်းဆီးခံရသူသတင်းသမား ၁၁၂ ဦးရှိခဲ့ကာ အဲဒီအထဲကနေ ၇၀ ဦးက ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၄၂ ဦးမှာတော့ အကျည်းထောင်အသီးသီးတွင်ကျန်ရှိနေသေးသလို သေဆုံးသွားတဲ့ သတင်းသမား ၂ ဦးရှိကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက် နေ့က ထုတ်ပြန်ခဲ့ပါတယ်။
တခါ ရခိုင်မှာလည်း AAနဲ့ စစ်တပ် တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကာလကလည်း အစိုးရနဲ့ စစ်တပ်က သတင်းမီဒီယာနဲ့ သတင်းထောက်တွေကို ပစ်မှတ်ထား စောင့်ကြည့်နေခဲ့ပါတယ်။ အဲဒီကာလ အတွင်းကလည်း ရခိုင်မီဒီယာတွေကို ဖမ်းဆီးတာ၊ စစ်ဆေးတာတွေ ၊ တရားစွဲတာကြောင့် အခုထိ ရှောင်နေရတဲ့ သတင်းသမားတွေ ရှိနေပါသေးတယ်။
“ တိုက်ပွဲမဖြစ်တော့ပေမယ့်လည်း စစ်တပ်နဲ့ AA တို့အကြားမှာ အာဏာအားပြိုင်မှုတွေ စစ်တပ်ရဲ့ မကောင်းမှု၊ အားနည်းချက်တွေကို ဖော်ထုတ်ရေးနေတဲ့၊ အဓိက မြေပြင်အခြေနေကို သိနေတဲ့ ရခိုင်မီဒီယာကို ပိုပြီး ပစ်မှတ်ထား စောင့်ကြည့်နေတာ။ ဒါကြောင့် ပိုပြီးတော့ ဖိအားပေးတာ၊ ခြိမ်းခြောက်လာတာ လို့မြင်တယ် ” လို့ ရခိုင်အခြေစိုက် Border News Agency သတင်းဌာန အယ်ဒီတာချုပ် ကိုကောင်းမြတ်နိုင်က ပြောပါတယ်။
ဒါ့ပြင် ရခိုင်မှာ စစ်တပ်ဘက်က သူတို့စစ်တပ်နဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး သတင်းတွေကို စုံစမ်း ဖော်ထုတ်ခဲ့တဲ့ အတွက် ရခိုင်မီဒီယာနဲ့ သတင်းသမားတွေကို ဖိနှိပ်မှုတွေကတော့ အရင်ကလည်း ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က စစ်တွေမြို့အခြေစိုက် Development Media Group (DMG) ရဲ့ တာဝန်ခံ အယ်ဒီတာ ကိုနေဝင်းစံနဲ့ သတင်းထောက်မနှင်းနွယ်တို့ကို ပုဒ်မ ၆၆(ဃ)၊ ၅၀၅ (က)တို့နဲ့ တပ်မတော်ဘက်က အမှုဖွင့်ခဲ့ပါတယ်။ အမှုဖွင့်ရတဲ့ အကြောင်းကတော့ ဇန်နဝါရီ ၁၀ နေ့က DMG မှာ ဖော်ပြခဲ့တဲ့ “ ကျောက်တော် မြို့နယ် မာလာကျေးရွာက စပါးတောင်း ၇၀၀ ကို တပ်မတော်သားတွေ ယူဆောင်သွား ” ဆိုတဲ့ သတင်းကြောင့်ပါ။
တခါ DMG ရဲ့ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကိုလည်း ၂၀၁၉ ခုနှစ် မေလက သတင်းတပ်ဖွဲ့(SB)က တရားလိုလုပ်ပြီး မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၂) နဲ့ စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်ထားတဲ့ အတွက် သူတို့တွေဟာ လက်ရှိအချိန်ထိ တိမ်းရှောင်နေရဆဲဖြစ်သလို DMG ရဲ့ မောင်တောအခြေစိုက် သတင်းထောက် ကိုအောင်ကျော်မင်းဟာလည်း ဆက်သွယ်ရေး ဥပဒေပုဒ်မနဲ့ အမှုဖွင့်ခံခဲ့ရပါသေးတယ်။
ဒါ့အပြင် ၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက်နေ့ကလည်း Narinjara သတင်းဌာနက သတင်းတပုဒ်မှာ AA နဲ့ ဆက်သွယ်ခဲ့တယ်ဆိုပြီး အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကို ပြည်နယ်သတင်းတပ်ဖွဲ့ SB က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၀(က) /၅၂(က) နဲ့ စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်ခြင်းကို ခံခဲ့ရပါသေးတယ်။
အခုခါမှာတော့ သတင်းသမားတွေဟာ သူ့ရဲ့ ကလောင်နာမည်ဖော်ပြတာတွေ သိပ်မရှိတော့ပါဘူး။ မိမိရဲ့ လုံခြုံရေး အခြေအနေကြောင့် နာမည်ကို မဖော်ပြပဲ သတင်းတွေ ရေးလာနေတာကို တွေ့နေရပါတယ်။ အဓိကအရေးကြီးတဲ့ တချက်ကတော့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ သတင်းတွေမှာ သတင်းထောက်ဘက်က ခိုင်လုံတဲ့ သက်သေရထားပေမယ့် သတင်းကျင့်ဝတ်အတိုင်း စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းတဲ့အခါ အခက်အခဲဆုံးဖြစ်နေကြတာပါ။
အလွတ်တန်းသတင်းထောက် ကိုထွန်းခိုင်ကတော့ “ကျနော်တို့ကတော့ စစ်တပ်နဲ့ ပတ်သက်တဲ့ သတင်းတွေမှာ တပ်ဘက်က အတည်ပြုချက်တွေ ဘာမှ မရဘူး။ သက်ဆိုင်တဲ့ သူတွေက ဖုန်းမကိုင်တာ။ ဒါက အများပြည်သူ သိပိုင်ခွင့်တွေကို ဆုံးရှုံးတယ်။ ကျနော်တို့မှာက တခါတလေ ဒေသခံတွေဆီက ခိုင်လုံတဲ့ အထောက်ထားတွေ ရထားပြီ။ ဒါကို သူတို့က (စစ်ကောင်စီ) ဖုန်းမကိုင်တော့ သူတို့(စစ်တပ်)က လိုချင်တဲ့ သတ်ကွင်းထဲကို ဆွဲခေါ်သလိုဖြစ်နေတယ် ” လို့ဆိုပါတယ်။
မီဒီယာသမားတွေဟာ အစိုးရနဲ့ ပြည်သူတို့ကို နေ့စဉ်ဖြစ်ပျက်နေတဲ့ အရေးကြီး ထူးခြားအကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ သိရှိနိုင်ဖို့အတွက် ဖော်ပြနေခြင်းလည်းဖြစ်ပါတယ်။
နောက်ပြီးတော့ ကိုထွန်းခိုင်က “ ဒီပလက်ဝ သတင်းကိစ္စနဲ့ Western News ကလည်း ဗိုလ်မှူးကြီးကျော်သူရကို ဆက်သွယ်ခဲ့တယ်လို့ ဖော်ပြထားတယ်။ ဒီတော့ စစ်တပ်ဘက်က ဖုန်းကိုင်ပြီးတော့ ဖြေရှင်းချက်ရခဲ့ရင်တော့ ဒီလောက်ကြီးလေးတဲ့ ပုဒ်မတွေနဲ့ တရားစွဲခံရမှာ မဟုတ်ဘူးလို့ ထင်တယ်” လို့ လက်ရှိ သတင်းထောက်တွေရဲ့ အခက်အခဲတွေကို ရှင်းပြသွားတာပါ။
သတင်းမီဒီယာနဲ့ သတင်းသမားတွေရဲ့ သတင်းရေးပိုင်ခွင့် ဥပဒေ ပုဒ်မ ၄ (က) အရ နိုင်ငံသားတွေ သိရှိခွင့်ရှိတဲ့ သတင်းအချက်အလက်တွေကို မီဒီယာသမားတွေက လွတ်လပ်စွာ စုံစမ်းထောက်လှမ်း ရေးသားဖော်ပြခွင့်ရှိတယ်လို့ တရားဝင်ပြဌာန်ထားတာပါ။
“လက်ရှိ အာဏာသိမ်းထားတဲ့ စစ်ကောင်စီအနေနဲ့ သူက အစိုးရတရပ်လို့ ခံယူရင် See to Information သတင်းအချက်အလက် သိပိုင်ခွင့်ကို လွတ်လပ်စွာနဲ့ ရေးသားခွင့် ဖော်ပြခွင့် ပြုရမယ်။ အခုလို သတင်းသမားတွေကို ကြီးလေးတဲ့ ပုဒ်မတွေနဲ့ တရားစွဲတာကတော့ တတိုင်းပြည်လုံးကို အမှောင်ချသလို ဖြစ်နေတယ်” လို့ ကိုကောင်းမြတ်နိုင်က သုံးသပ်ထားပါတယ်။
တခါ ယခင်နှစ်တွေက သတင်းမီဒီယသမားတွေနဲ့ ပတ်သက်တဲ့ အမှုကိစ္စတွေ ပေါ်လာရင် တရားဝင် အသိမှတ်ပြုထားတဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကနေ တဆင့်တိုင်ကြားတာ၊ ကြားဝင်ဖြေရှင်း ပေးတာမျိုး ရှိခဲ့ပါတယ်။ ဒါကြောင့် Narinjara သတင်းဌာန အယ်ဒီတာချုပ်တို့ အမှုတို့ဟာ မီဒီယာကောင်စီရဲ့ ကြားဝင်ဖြေရှင်းမှုကြောင့် ပြေလည်သွားခဲ့တာကို တွေ့ခဲ့ရပါတယ်။
လက်ရှိမှတော့ မီဒီယာကောင်စီကနေ တိုင်ကြားတဲ့ စနစ်ကို မသုံးတော့ဘဲ တိုက်ရိုက်ဖမ်းဆီးတာမျိုးတွေ့ရသလို MPC အနေနဲ့လည်း အမှုဖြေရှင်းတဲ့ ဘက်မှာ မတွေ့ရတော့ဘဲ ထုတ်ပြန်ချက်ထုတ်ပေးတာလောက်ပဲ လုပ်တာကို တွေ့နေရတာပါ။
ဒါကြောင့် ဝါရင့် သတင်းစာဆရာ ဦးမြင့်ကျော်ကတော့ “ကျနော့်သဘောက MPC လွတ်လပ်တယ်လို့ ဆိုလိုချင်တာ မဟုတ်ဘူး။ ဒါပေမယ့် ဒီစနစ်မျိုးကို မသုံးဘဲနဲ့ ထားလိုက်တာက သတင်းသမားတွေကို အန္တရာယ်တန်းပြီးတော့ များလာတယ်။ တကယ်လို့ ဖြေရှင်းမယ်ဆိုရင် (MPC)ဘက်ကလည်း အချက်အလက် လွဲတယ်ဆိုရင်လည်း လွဲတယ်။ ဖြေရှင်းချက်ပေးမယ်။ ဆိုတဲ့ သဘောမျိုးကတော့ ရှိစေချင်တယ်” လို့ ထောက်ပြပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ CPJ ရဲ့ ဒီဇင်ဘာ ၈ ရက်နေ့က ထုတ်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ တရုတ်ပြီးရင် သတင်းသမားတွေကို ဖမ်းဆီးအကျဉ်းချတဲ့ အဆိုးဝါးဆုံးနိုင်ငံတွေထဲမှာ ဒုတိယနေရာမှာ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကိုဝဏ္ဏခွာညိုကလည်း “ကြီးလေးတဲ့ ပုဒ်မတွေနဲ့ စွဲလိုက်တာဟာ ရခိုင်မှာ ရှိတဲ့ သတင်းမီဒီယာတွေ၊ သတင်းထောက်တွေ အားလုံးကို ကိုယ်စားပြု ပြီး စိုးရိမ်ထိတ်လန့်အောင် လုပ်လိုက်တာ။ ဒါကြောင့် ဒီကိစ္စတွေကို စစ်ကောင်စီဘက်ကလည်း ပြန်လည် သုံးသပ် စဉ်းစားဖို့ လိုတယ်” ပြောဆိုထားပါတယ် ခင်ဗျာ။

ထွန်းထွန်းရေးသည်။

https://www.facebook.com/westernnewsagency/posts/444783783994798

Leave a Reply

Your email address will not be published.