ဝန်ဖိုက်ဒီရေတောကို ရေရှည်ထိန်းသိမ်းနိုင်ရေး အကူအညီများလိုအပ်

By Development Media Group (DMG)/ 2022 January 15

ရခိုင်ပြည်နယ်၏ အထင်ကရဒီရေတောကြီးဖြစ်သည့် ဝန်ဖိုက်ဒီရေတောအား ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် အကူအညီများလိုအပ်နေကြောင်း ရမ်းဗြဲမြို့နယ်၊ ဝန်ဖိုက်ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

ဝန်ဖိုက်ဒီရေတောတွင် တရားမဝင်သစ်ခိုးခုတ်ခြင်းကို ထိန်းသိမ်းကာကွယ်နိုင်ရန် ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှစတင်ပြီး ရမ်းဗြဲမြို့နယ် မြောက်ပိုင်းတိုက်နယ်ရှိ ကျေးရွာ ၁၄ ရွာမှဒေသခံများက ကင်းလှည့်ဆောင်ရွက်ခဲ့ပြီး ရေရှည်ဆောင်ရွက်နိုင်ရန် အကူညီများလိုအပ်လျှက်ရှိကြောင်း ဝန်ဖိုက်ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ နာယကဆရာတော် အရှင်မဟိန္ဒက မိန့်ကြားသည်။

“တစ်လတစ်ခါကင်းလှည့်ဖို့အတွက် လူအင်အားကရှိပေမယ့် ငွေအင်အားကမရှိဘူးဖြစ်နေတယ်။ လက်ရှိက ဒီရွာတွေမှာ အလှူငွေကောက်ပြီး လိုုအပ်တဲ့ငွေကိုရှာနေရတယ်။ ရေရှည်သွားမယ်ဆိုရင်တော့ ငွေအင်အားလိုအပ်တယ်”ဟု ဆရာတော်ကရှင်းပြသည်။

တစ်လလေးကြိမ်ကင်းလှည့်စစ်ဆေးမှုကြောင့် သစ်ခိုးခုတ်သည့်တ်လှေအစီးရေ ရာနှင့်ချီဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် ဒီရေတော ထိန်းသိမ်းနိုင်မှုကို တစ်ရာရာခိုင်နှုန်းနီးပါးဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

“ကင်းလှည့်လို့ သစ်တွေခုတ်တဲ့လှေတွေနဲ့တွေ့ရင် နောက်မခုတ်ဖို့ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးတယ်။ ခံဝန်ထိုးခံရသူတွေကလည်း နောက်ထပ်မလာကြတော့ပါဘူး။ ဒီမှာနယ်ပေါင်းစုံက လူတွေက သစ်လာခုတ်နေကြတာ”ဟု ဆရာတော်ကမိန့်သည်။

ဝန်ဖိုက်ဒီရေတောတွင် သစ်ခိုးထုတ်မှုရှိ၊မရှိကို စစ်တပ်၊ ရဲနှင့် သစ်တောဌာနတို့ပူးပေါင်းကာ နိုဝင်ဘာ ၃ ရက်နေ့မှ ၇ ရက်နေ့ အထိ ကင်းလှည့်စစ်ဆေးမှုပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ဆေးမှုများလုပ်ဆောင်သည်ကို မတွေ့ရတော့ကြောင်း ဒေသခံများကဆိုသည်။

“ရခိုင်မှာ တိုက်ပွဲတွေဖြစ်ချိန်တုန်းက သစ်တောအဖွဲ့က ဒီရေတောမှာ လာစောင့််ပေးတာတွေရှိတယ်။ ဒါပေမဲ့ သုံးလေးယောက်နဲ့လာစောင့်တာပါ။ အခုလည်း နယ်မြေလုံခြုံရေးအကြောင်းပြပြီး ဒီလောက်လုပ်နိုင်ကြတာမတွေ့ရသေးဘူး။ လက်ရှိမှာက ကျေးရွာတွေက ဒေသခံတွေစုပြီးကင်းလှည့်လို့ ဒီလောက်ခံသာသွားတာ။ ဒီတော့ ဒီအဖွဲ့အစည်းတွေကိုကူညီပေးကြဖို့လိုပါတယ်”ဟု ရမ်းဗြဲမြို့ဒေသခံ ကိုကျော်ကျော်နိုင်ကဆိုသည်။

ဝန်ဖိုက်ဒီရေတောမှာ ဧက ၁၅၀၀၀၀ ကျော်ခန့်ရှိပြီး ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်အတွင်းတည်ရှိသည်။ ၎င်းဒီရေတောမှာ အရှေ့တောင်အာရှတွင် ဒုတိယအကြီးဆုံးဒီရေတောဖြစ်သော်လည်း ထင်း၊မီးသွေးအတွက် သစ်ခုတ်ယူမှုများကြောင့် သစ်တော၏ ၇၅ ရာခိုင်နှုန်းခန့်မှာ ပျက်စီးစပြုနေပြီဖြစ်ကြောင်း လေ့လာသူများကထောက်ပြပြောဆိုကြသည်။

https://www.facebook.com/dmgnewsagency/posts/2202906113195121

Leave a Reply

Your email address will not be published.