By Western News/ 2022 January 17

ရခိုင်ရှိ မြို့နယ်အလိုက်တွင် လျှပ်စစ်မီးများ နာရီနှင့်ချီကာ မကြာခဏပြတ်တောက်နေမှုကြောင့် မီးသွေးအသုံးပြုရမှုပိုများလာသည့်အတွက် မီးသွေးဈေးနှုန်းများ ယခင်ထက်ပိုမြင့်တက်လာခဲ့သည်ဟု မီးသွေးဝယ်ယူရောင်းချသူများကပြောသည်။
ယခင် တောင်ကုတ်မီးသွေး တစ်အိတ်ကို ၃၈၀၀ ကျပ်ခန့်ရှိပြီး ယခု ၅၅၀၀ ကျပ်၊ စနဲ မီးသွေးတစ်အိတ်ကို ယခင် ၆၀၀၀ ကျပ်သာရှိခဲ့သော်လည်း လက်ရှိ ၉၀၀၀ ကျပ်အထိ ဈေးနှုန်းများ အသီသီးမြင့်တက်လျှက်ရှိသည်ဟု စစ်တွေနှင့် ကျောက်ဖြူဘက်မှ မီးသွေးရောင်းချသူများကပြောသည်။
လက်ရှိတွင် စနဲမီးသွေးမှာ ဝယ်ယူ၍ မရဖြစ်နေ၍ မီးသွေးဆိုင်များတွင် ပြတ်လပ်နေပြီး မည်သည်ကြောင့် စနဲမှ မီးသွေးတင်ပို့မှုရပ်နေသည်ကို မသိရဟု စစ်တွေမြို့မှ မီးသွေးရောင်းချနေသူတစ်ဦး ကပြောသည်။
“မီးသွေးတွေက ကျမတို့ ဝယ်တဲ့ဈေးကိုကတက်နေတာလေ။ ဒီရက်ပိုင်းအတွင်း စနဲဖက်ကမီးသွေးတွေမရောက်ဘူး။ တောင်ကုတ်ဖက်က ဟာတွေပဲရောင်းနေရတယ်။ တောင်ကုတ်ဖက်က ကျမတို့သိပ်မရောင်းဘူး။ အခုက စနဲ ကမရောက်တော့ ရောင်းနေရတာပေါ့။ ဘာကြောင့် မီးသွေးတွေ မရောက်လဲဆိုတာတော့မသိဘူး” ဟုပြောသည်။
လျှပ်စစ်မီးမကြာခဏ ပြတ်တောက်နေမှုကြောင့် မီးသွေးအသုံးပြု၍ ချက်ပြုတ်နေရရာ မီးသွေးဈေးနှုန်းများမြင့်တက်လာသည့်အတွက် ထမင်းအား ဈေးနှုန်းပိုယူ၍ ရောင်းချနေရတော့သည်ဟု စစ်တွေမြို့တွင် ထမင်းဆိုင်ရောင်းချနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။
“မီးသွေးက ခုဆို တစ်အိတ်ကို ၉၀၀၀ အထိဈေးတက်သွားပြီ။ မီးကအမြဲတမ်းပြတ်တော့ ကျမတို့လို ထမင်းရောင်းနေတဲ့သူတွေအတွက် အဆင်မပြေဘူး။ ဒီတော့ မီးသွေးပဲ အားကိုးပြီးချက်ရတာပေါ့။ ဒီကြားထဲ မီးသွေးတွေကပါ ဈေးတွေတက်တက်လာတော့ ထမင်းဖိုးတွေ ဈေးမြှင်ယူနေရတယ်” ဟုပြောသည်။
မြို့နယ်အလိုက် လျှပ်စစ်မီးများ မကြာခဏပြတ်တောက်နေမှုမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလလောက်မှစ၍ ပျက်နေခြင်းဖြစ်ပြီး တစ်ကြိမ်ပြတ်တောက်လျှင် အနည်းဆုံး ၃ နာရီမှ အများဆုံး ၅ နာရီ အထိပြတ်တောက်သည်။
ယခုကဲ့သို့လျှပ်စစ်မီးမကြာခဏပြတ်တောက်နေခြင်းမှာ နိုင်ငံအတွင်း ဓာတ်အားမလုံလောက်မှုကြောင့် အလှည့်ကျစနစ်ဖြင့် မြို့နယ်အလိုက် အချိန်အတိုင်းအတာဖြင့် လျှပ်စစ်မီး ဖြတ်တောက်နေရခြင်းဖြစ်သည်ဟု ရခိုင်ရှိ ဓာတ်အားလိုင်းစက်ရုံများမှ တာဝန်ရှိသူများကပြောသည်။
https://www.facebook.com/westernnewsagency/posts/448511390288704