ရွေးကောက်ပွဲဆိုင်ရာအမှုတွင် ဝန်ကြီးဦးညီပုနှင့် ဦးမင်းအောင် အား စီမံခန့်ခွဲမှုပြုလုပ်၊ လာမည့်ရုံးချိန်း တရားလိုအား စတင်စစ်ဆေးမည်

By Western News/ 2022 January 24

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအား ဖောက်ဖျက်သည်ဟုအကြောင်းပြချက်နှင့် တရားစွဲဆိုခံထားရသည့် ရခိုင်က ဝန်ကြီးချုပ် ဦးညီပုနှင့် ဦးမင်းအောင်တို့၏ ထပ်တိုးအမှုအား အပြီးသတ် မှုခင်းစီမံခန့်ခွဲမှုပြုလုပ်ခဲ့သည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေကပြောသည်။

ဇန်နဝါရီ ၂၄ ရက်နေ့ ယနေ့ရုံးချိန်းတွင် အပြီးသတ်မှုခင်းစီမံခန့်ခွဲမှုပြုလုပ်ခဲ့ပြီး လာမည့်ရုံးချိန်းတွင် တရားလိုအားစတင်စစ်ဆေးသွားမည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ အထက်တန်းရှေ့နေ ဦးဝင်းအောင်က Western News ကိုပြောသည်။

“ဒီနေ့ရုံးချိန်းမှာ အပြီးသတ်မှုခင်းစီမံခန့်ခွဲမှုပြုလုပ်ခဲ့တယ်။ လာမည့် ဇန်နဝါရီလ ၇ ရက်နေ့ရုံးချိန်းတွင် တရားလိုအား စတင်စစ်ဆေးဖို့ချိန်းဆိုထားပါတယ်။ ဒီအမှုကိုတော့ ရက် ၁၁၀ အတွင်းမှာ အပြီးသတ်စစ်ဆေးဖို့ တရားရုံးကပြောထာတာတော့ရှိတယ်။ တရားလိုနှင့် လိုပြသက်သေများကို ၅၅ ရက်အတွင်းစစ်ဆေးရန်နှင့် တရားခံနှင့် သက်သေတွေကို ၅၅ ရက်အတွင်း အပြီးစစ်ဆေးပေးမည်ဆိုပြီး ပြောထားတာရှိတယ်”ဟုပြောသည်။

ဦးညီပု အား ရွေးကောက်ပွဲဆိုင်ရာ ဥပဒေဖောက်ဖျက်ပြီးလုပ်၍ဆိုကာ ရာဇသတ်ကြီးပုဒ်မ၁၃၀(က)ဖြင့်တရားစွဲဆိုခြင်းဖြစ်ပြီး ဦးမင်းအောင် အား အဆိုပါ လုပ်ရပ်များအား အားပေးကူညီသည်ဟုဆိုကာ ရာဇသတ်ကြီး ပုဒ်မ ၁၃၀(က) နှင့်ရာဇသတ်ကြီး ပုဒ်မ ၁၀၉ တို့ဖြင့် ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်မှ ဒု-ညွှန့်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုလုပ်ကာ စစ်တွေမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

အဆိုပါ အမှုအပြင် ဦးညီပုတွင် အဂတိမှု ၃ မှုဖြင့် ထောင်ဒဏ် ၉ နှစ်အပြင် နိုင်ငံတော်ကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသလို ဦးမင်းအောင်မှာလည်း အဂတိမှုဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ချထားရသည်။ ၎င်းတို့နှစ်ဦးအား လက်ရှိတွင် စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်။

https://www.facebook.com/westernnewsagency/posts/452726116533898

Leave a Reply

Your email address will not be published.