By Narinjara/ 2022 January 10
ချစ်အိလှိုင်
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကျောက္ကလပ်အုပ်စု၊ သဗြုချိုင် ဂျိုင်သာ(ပုန်းညက်)ကျေးရွာမှာ လာမည့် ဇန်နဝါရီလ ၁၅ ရက်ကို နောက်ဆုံးထား၍ ဖယ်ရှားပေးရန် ညွှန်ကြားခံထားရကြောင်း သတင်းရရှိသည်။
ညွှန်ကြားခံထားရသည့် အိမ်မှာ သဗြုချိုင် ဂျိုင်သာ(ပုန်းညက်)ကျေးရွာမှ အိမ်ခြေ(၅ဝ) ဖြစ်ပြီး သံတွဲအခြေစိုက် ရေငုတ်နဲ့ ပြန်လည်ဆယ်ယူရေးတပ် တပ်မှူး ရပင မှ ဖယ်ရှားပေးရန် ကျေးရွာ အုပ်ချုပ်ရေးမှူးမှတဆင့် ဇန်နဝါရီ (၄) ရက်က အကြောင်းကြားစာပေးပို့လာခဲ့သည်ဟု ဒေသခံ ကျေးရွာသား များက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
နေအိမ်ဖယ်ရှားခံရမည့် ကျေးရွာသားတစ်ဦးက “ အခုသူတို့ ပြောင်းခိုင်းတဲ့ နေရာက ဦးလေးတို့ နေဖို့အတွက် ဘယ်လိုမှ အဆင်မပြေဘူး။ ဦးလေးတို့က တံငါလုပ်ငန်းနဲ့ လုပ်ကိုင် စားသောက်ကြရတဲ့ လူတွေကို အဲဒီ အစိမ်းမ တောင်ပေါ်ကို ပို့ လိုက်တော့ အဲဒီမှာ ဘာလုပ်ကိုင်စားသောက်ကြမလဲ။ လူနဲ့ ဝေးတဲ့နေရာတောကြီးမှာ သွားမနေချင်ကြဘူး။ နိုင်ငံတော် အကြီးအကဲတွေ ကိုလည်း ဦးလေးတို့ကို မပြောင်းရွှေ့ဖို့ တောင်းဆိုလိုပါတယ်” ဟုပြောသည်။
၄င်းတို့အား လက်ရှိနေထိုင်သည့် ကျေးရွာနှင့် မိုင် ၂ဝ ခန့်ဝေးသည့် သစ်ကောက်၊ မှော်ရုံကျော်လမ်း အစိမ်းမတောင်ကြားအား ဘတ်ဟိုးများဖြင့် ဖို့ထားသည့် မြေများအား အကွက်ရိုက်၍ မဲစနစ်ဖြင့် မြေကွက်ချပေးရန် စီစဉ်နေကြောင်း သိရသည်။
နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးက “အန်တီတို့က တံငါသည်တွေပါ။ ဂုံးထောင်တယ်။ အဲဒီမှာ ဘယ်မှာဂုံးထောင်မလဲ။ အဲဒီမှာ သောက်သုံးရေလည်း မရှိဘူး။ မိုးတွင်းဖက် အန္တရာယ် ဖြစ်နိုင်တယ် အဲဒီမှာ။ ကလေးတွေက မိုင် ၂ဝ ဝေးတဲ့ ဒီကကျောင်းမှာပြန်လာတက်ရမှာဘယ်လိုမှအဆင်မပြေဘူး။ ကျန်းမာရေး အရေးအကြောင်းဆိုလည်း ဒီလောက် အဝေးကြီးကို မသွားနိုင်ဘူး။ မပြောင်းချင်ဘူး။ ကူညီပေးကြပါ” ဟုပြောသည်။
၄င်းတို့အနေဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ နေရာပြောင်းရွှေ့မှုမပြုလုပ်ရန် အသနားခံ တင်ပြ တောင်းဆိုမှုများ ပြုလုပ်သွားမည်ဟု ဆက်ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ သံတွဲမြို့ခရိုင်စီမံအုပ်ချုပ်ရေး(၂)ဦးလှဟန်အား နိရဥ္စရာမှ မေးမြန်းရာ ၄င်းကျေးရွာပြောင်းရွှေ့ခြင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ သိရှိထားခြင်းမရှိကြောင်းပြောသည်။
သံတွဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအားဆက်သွယ်ရာ၌လည်း ဖုန်းမကိုင်ခဲ့ပါ။
သံတွဲအခြေစိုက် ရေငုတ်နဲ့ ပြန်လည်ဆယ်ယူရေးတပ်သို့ ဆက်သွယ်ရန် ကြိုးစားသော်လည်း ဖုန်းနံပတ်မရသဖြင့် ယခုအချိန်ထိ ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပါ။
၄င်းကျောက္ကလပ်အုပ်စု သဗြုချိုင်ကျေးရွာမှာ အလျား(၃)မိုင်ခန့်ရှည်လျားကာ အိမ်ခြေ(၅ဝဝ)ရှိပြီး ၊သဗြုချိုင်ရွာသာယာ၊ ကုန်းမြင့်သာယာ၊ MSA ၊ ကျောင်းနားပိုင်း၊ စျေးနားပိုင်း၊ ငါးဦးစီးကုန်း၊ အေးသာယာ၊ သင်္ဘောဆိပ်၊ ဂျိုင်သာ စသည့် ကျေးရွာအုပ်စုငယ်များရှိကြောင်းသိရသည်။
https://www.facebook.com/narinjara.info/posts/5080898385255531