ရခိုင်အခြေစိုက် Western News သတင်းဌာန နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံရ

By VOA / 2022 January 6

ခင်ဖြူထွေး

ရခိုင်အခြေစိုက် အွန်လိုင်းသတင်းဌာနတခုဖြစ်တဲ့Western News သတင်းဌာနကို နိုင် ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က နဲ့စစ်ကောင်စီဘက်က တရားစွဲလိုက်ပါတယ်။ ပလက်ဝမြို့နယ်ထဲက စစ်တပ် တပ်ရင်းတခုမှာ အလံဖြူထောင်ထားတယ်ဆိုတဲ့ သတင်းဖော်ပြခဲ့ပြီးနောက် ခုလို တရားစွဲခံရတာဖြစ်တယ်လို့ Western News အယ်ဒီတာချုပ်က ဗွီအိုအေကို ပြောပါတယ်။ ပြစ်ဒဏ်ကြီးလေးတဲ့ ပြစ်မှုမျိုးနဲ့ သတင်းမီဒီယာလုပ်ငန်းတခုအပေါ် တရားစွဲတာနဲ့ပတ်သက်လို့ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်က အွန်လိုင်းသတင်းဌာနတခုဖြစ်တဲ့ Western News သတင်းဌာနကို သတင်းဖော်ပြမှုနဲ့ပတ်သက်ပြီး ထောင်ဒဏ် အနှစ် ၂၀ အထိ ချနိုင်တဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄-ကနဲ့ ရခိုင်ပြည်နယ် စစ်ကောင်စီဘက်က တရားစွဲထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက စစ်ကောင်စီ တပ်ရင်းတခု တောင်ကုန်းမှာ အလံဖြူထောင်ထားတယ်ဆိုတဲ့ သတင်းကြောင့် အခုလို တရားစွဲခံရတယ်လို့ ယူဆကြောင်း Western News သတင်းဌာန တည်ထောင်သူလည်းဖြစ်၊ အယ်ဒီတာချုပ်လည်းဖြစ်သူ ဦးဝဏ္ဏခွာညိုက ဗွီအိုအေကိုပြောပါတယ်။

“ဘာကြောင့်စွဲလဲဆိုတာ ကျနော်တို့ဆီစာတွေ ဖုန်းတွေ တရားဝင်ရောက်မလာဘူး။ အထူးသဖြင့်ကတော့ ကျနော်ထင်တယ်၊ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ပလက်ဝနဲ့ပတ်သက်လို့ သတင်းတွေရေးတယ်။ စစ်ကောင်စီက ပလက်ဝဘက်မှာ အလံဖြူထောင်တဲ့ကိစ္စကို သတင်းတွေရေးပြီးနောက်ပိုင်းမှာပဲ သတင်းရေးလို့ ၂ ရက်အကြာမှာ ကျနော်တို့ကို အင်တာဗျူးဖြေပေးတဲ့ ကိုတင်ထူးအောင်ပေါ့လေ၊ သူ့ကိုကျတော့ ၅၀၅-ကနဲ့ အမှုစွဲလိုက် တယ်။ စွဲလို့ အခုတရားရင်ဆိုင်နေရတယ်ပေါ့။ အခုအခြေအနေအရ ကျနော်တို့ကိုကျတော့ ပြီးခဲ့တဲ့ ရက်ကပြောချက်အရ ၁၂၄ နဲ့ တရားလွှတ်တော် ရုံးမှာ ဦးတိုက်လျှောက်တယ်။”

ပြီးခဲ့တဲ့ရက်က ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Western News သတင်း ဌာနကိုတရားစွဲတာက မြန်မာစစ်တပ်အပေါ် လူအများ အထင် အမြင်လွဲအောင်နဲ့ ယုံကြည်မှု လျော့အောင် သတင်းဖော်ပြတာမို့ အခုလို တရားစွဲဆိုဖို့ လုပ်ရတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီက ဦးလှသိန်းက သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

မူလ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) ကို စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ပြင်ဆင်ခဲ့တဲ့ထဲမှာ တပ်မတော်၊ တပ်မတော်သားတွေအပေါ် မုန်းတီးအောင်၊ မလေးစားအောင်၊ လှုံ့ဆော် ပြုလုပ်သူတွေကိုအရေးယူမယ်လို့ ထည့်သွင်းခဲ့ပြီး ထောင်ဒဏ်ကိုလည်း ၃ နှစ်ကနေ အနှစ် ၂၀ အထိ တိုးခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီက သတင်းဌာနတွေကို ဖျက်သိမ်းတာ သတင်းထောက်တွေနဲ့ သတင်းဌာနတွေကို အခုလို ကြီးလေးတဲ့ ပုဒ်မနဲ့ တရားစွဲဆိုတာတွေ လုပ်နေတာကြောင့် သတင်းသမားတွေနဲ့ သတင်းထောက်တွေ ရပ်တည်ဖို့ အတော်လေးခက်ခဲလာတယ်လို့ ဦးဝဏ္ဏခွာညိုက ပြောပါတယ်။ သူတို့ရဲ့ Western News သတင်းဌာနဟာ အွန်လိုင်းကနေ သတင်းတွေ ဖြန့်ချိနေတဲ့ သတင်းဌာနဖြစ်ပြီး သတင်းလုပ်ငန်းလုပ်ကိုင်ဖို့ NLD အစိုးရဆီမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ သတင်းမီဒီယာလုပ်ငန်းတခုဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ကလည်း Western News ရုံးခန်းတည်နေရာကို လုံခြုံရေးတပ်ဖွဲ့တွေ့ လိုက်လံရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ပြောပါတယ်။

“Western News က ပထမလည်း ကျနော်တို့ကို စောင့်ကြည့်လာပြီးတော့ ဝင်ရှာတာလည်း ရှိတယ်။ ရုံးကို မေးမြန်းတာလည်းရှိတယ်။ စစ်ကောင်စီဆိုပြီး မသုံးဖို့ပြောခဲ့တာတွေရှိတယ်။ ဒီအပေါ်မှာကတော့ အရမ်းကို ဆိုးဆိုးဝါးဝါးဖြစ်သွားတာပေါ့လေ။ နောက်ဆုံးအချက်ကတော့ ဒီပလက်ဝသတင်းတွေ တင်လိုက်တာမှာ အခု အရမ်းကို ရှားရှားပါးပါးပုံစံနဲ့စွဲလိုက်တယ်။ ဒီပုဒ်မက အရမ်းကိုစိုးရိမ်စရာဖြစ်တဲ့ ပုဒ်မတွေဖြစ်တယ်။ ဒီလိုပုဒ်မတပ် လို့ ကျနော်တို့အတွက် ကျနော်တို့နောက်မှာရှိတဲ့ သတင်းထောက်တွေနဲ့ ဌာနတခုလုံးရပ် လိုက်ရတဲ့ အခြေအနေဖြစ်နေတယ်။ သတင်းထောက်တွေလည်း တိမ်းရှောင်နေရတဲ့ အခြေအနေမှာ ရှိနေတယ်။ ရခိုင်မှာ အဲလိုပုဒ်မနဲ့စွဲဆိုတာမရှိဘူး။ စွဲတာအများဆုံးက ၅၀၅-က၊ ခ ။ နောက် မတရားအသင်းဆက်နွယ်မှု ၁၇/၁ နဲ့စွဲတာပဲ ရှိတယ်။ ခုပုဒ်မကအရမ်းပြင်းထန်တယ်။ တော်တော်လေးကို စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေတဲ့အနေအထားရှိနေပါတယ်။”

ပြီးခဲ့နှစ် သြဂုတ်လထဲကစလို့ သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်နေသူတွေ၊ အရင်က သတင်းထောက်လုပ်ခဲ့ဖူးတဲ့ သတင်းမီဒီယာသမားတွေ ထပ်မံဖမ်းဆီးခံခဲ့ရပြီး ပြင်းထန်တဲ့ပုဒ်မတွေနဲ့ တရားစွဲခံရတာရှိသလို သတင်းသမားတချို့ကိုလည်း ဖမ်းဆီးထောင်ချ အရေးယူတာတွေ ဆက်လက်ရှိ နေဆဲပါ။

၂၀၂၁ အောက်တိုဘာလတုန်းက Zayar Time page မှာ Admin လုပ်ပေးဖူးလို့ဆိုပြီး မေး မြန်း ဖို့အတွက် စခန်းလာဖို့ ခေါ်တဲ့အတွက် သွား ချိန်မှာ တခါထဲဖမ်းခံခဲ့ရတဲ့ VOM သတင်းထောက်ကို ဒီနေ့ ဇန်နဝါရီလ ၆ ရက်မှာပုဒ်မ ၅၀၅-က နဲ့ ရွှေဘိုထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၂ နှစ် ချလိုက်ပါတယ်။ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ပြည့်ဖြိုးအောင် ဟာ သင်္ကန်းဝတ်နဲ့သွားရာက တခါတည်းဖမ်းခံရပြီး အခုလိုထောင်ချခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့အခြေစိုက် သံလွင်သွေးချင်း သတင်းဌာန အယ်ဒီတာချုပ် ဒေါ်မြဝန်းရံကို ညောင်ရွှေမြို့ရှိ တောင်လေးလုံးအကျဉ်းထောင်တွင်း တရားရုံးက ပုဒ်မ-၅၀၅-ကနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာလည်းရှိပါတယ်။ အယ်ဒီတာချုပ် ဒေါ်မြဝန်းရံဟာပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်က တောင်ကြီးမြို့နေအိမ်မှာ သမီးနှစ်ယာက်နဲ့အတူဖမ်းဆီးခံခဲ့ရတာပါ။

စစ်အာဏာသိမ်းအပြီး ဆန့်ကျင်ဆန္ဒပြပွဲတွေ ရှိခဲ့ချိန်ကလည်း စစ်ကောင်စီက သတင်းထောက် တချို့ကို ဖမ်းဆီးခဲ့တာတွေရှိသလို သတင်းဌာန ၈ ခုကိုလည်း ထုတ်ဝေခွင့် ပိတ် သိမ်းခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖမ်းဆီးခံရတဲ့ သတင်းသမား ၁၀၀ ကျော်ရှိခဲ့ပြီး ၁၀ ယောက်ထက် မနည်း ထောင်ချခံခဲ့ရပါတယ်။ ၅၆ ယောက်ကတော့ ပြန်လည်လွတ်မြောက်လာခဲ့တဲ့အတွက် လက်ရှိမှာ သတင်းသမား အယောက် ၅၀ လောက် အကျဉ်းထောင်အသီးသီးမှာ ဆက်လက် ဖမ်းဆီး ထိန်းသိမ်းခံထားရ ဆဲ ဖြစ်တယ်လို့ ပြည်တွင်းက သတင်းထောက်တွေ ပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။

https://www.facebook.com/VoA.Burmese.News/posts/10159649983265170

Leave a Reply

Your email address will not be published.