ရခိုင်အခြေစိုက် Western News သတင်းဌာနကို စစ်တပ်က တရားစွဲ

By RFA/ 2022 January 6

ရခိုင်ပြည်နယ်အခြေစိုက် Western News သတင်းဌာနမှာ ဖော်ပြခဲ့တဲ့သတင်းတစ်ပုဒ်နဲ့ ပတ်သက်လို့ စစ်တပ် က ထောင်ဒဏ်နှစ် ၂၀ အထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၁၂၄(က) နဲ့ စစ်တွေခရိုင် တရားရုံးမှာ ဦးတိုက်လျှောက်ခံထားရတယ်လို့ Western News သတင်းဌာနက RFA ကို ဒီနေ့ပြောပါတယ်။

ပလက်ဝမြို့နယ်ဘက်က သတင်းတစ်ပုဒ် ဖော်ပြမှုနဲ့ စွဲဆိုထားတာလို့ ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက RFA ကို ပြောပါတယ်။

“Western News က ပလက်ဝနဲ့ ပတ်သက်ပြီးတော့ သတင်းဖော်ပြချက်တွေဟာ နိုင်ငံတော်၊ တပ်မတော် ကို ထိခိုက်စေတယ်ဆိုပြီးတော့ စွဲတယ်။ တရားရုံးက ဥပဒေနဲ့အညီလုပ်နေတယ်။ ခရိုင်တရားရုံးမှာစွဲတယ်။ ဒီလောက်ပဲသိတယ်”

သတင်းဌာနကို စွဲတာလား၊ လူပုဂ္ဂိုလ်ကို စွဲဆိုတာလားဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတစ်ခုရဲ့ တောင်ကုန်းမှာ အလံဖြူထောင်ထားတာကို မြင်တွေ့ရတယ်ဆိုတဲ့ သတင်းကို Western News သတင်းဌာနက ဖော်ပြခဲ့တာပါ။

ဒီလိုရေးသားဖော်ပြတဲ့အပေါ်မှာ အခုလို ပြစ်ဒဏ်ကြီးလေးတဲ့ပုဒ်မနဲ့ တရားစွဲတာဟာ ဘယ်လိုမှမဖြစ်သင့်ဘူး လို့ Western News သတင်းဌာန ထူထောင်သူ ကိုဝဏ္ဏခွာညိုက RFA ကို ပြောပါတယ်။

“ဒါကတော့ ခိုင်မာတဲ့သတင်းလို့ ပြောလို့ရတာပေါ့။ ပုဒ်မ ၁၂၄ နဲ့ တရားစွဲထားတယ်ဆိုတဲ့ဟာကို ကျွန်တော်တို့ သိရတာပေါ့လေ။ ဒီပုဒ်မနဲ့ တရားစွဲဆိုတာကတော့ မဖြစ်သင့်ဘူးပေါ့။ ဘာကြောင့်လဲဆို တော့ ဒီလိုပုဒ်မတွေက အရမ်းကိုကြီးလေးတဲ့ဒဏ်ကို ဖြစ်စေတာပေါ့။ ကျွန်တော်တို့က သတင်းရေးသား တာကတော့ အဖွဲ့အစည်းတွေကို မျှမျှတတရေးတယ်။ ရခိုင်မှာဖြစ်ပျက်နေတဲ့ လူအခွင့်အရေးချိုးဖောက်မှု တွေကို ကျွန်တော်တို့ရေးတယ်ပေါ့။ ဒီအပေါ်မှာ ပုဒ်မ ၁၂၄ တပ်လိုက်တာကတော့ သတင်းသမားတွေ အတွက် အရမ်းကို စိုးရိမ်မှုတွေ ဖြစ်သွားတာပေါ့။ ကျွန်တော်တို့တင်မကဘူး ရခိုင်မှာရှိနေတဲ့ သတင်း သမားတွေ၊ မီဒီယာတိုက်တွေကလည်း ရိုက်ခတ်မှုတွေ ဖြစ်သွားတာပေါ့။ ဒါကို စစ်ကောင်စီဘက်ကလည်း ပြန်ပြီးစဉ်းစားသုံးသပ်ဖို့ လိုတာပေါ့ဗျာ”

တရားစွဲခံထားရတာနဲ့ ပတ်သက်လို့ အခုအချိန်အထိ တရားဝင် အကြောင်းမကြားသေးတဲ့အတွက် ဘာဆက် လုပ်မယ်ဆိုတာကို မဆုံးဖြတ်ရသေးဘူးလို့လည်း ကိုဝဏ္ဏခွာညိုက ပြောပါတယ်။

ခုတော့ Western News သတင်းဌာနရုံးကို ပိတ်ထားရပြီး သတင်းထောက်တွေဟာလည်း လုံခြုံတဲ့နေရာတွေ ကနေ သတင်းရေးသားနေရတယ်လို့လည်း ဆိုပါတယ်။

ရခိုင်အခြေစိုက် Development Media Group သတင်းဌာနရဲ့ တာဝန်ခံအယ်ဒီတာ ကိုမိုးဇော်မြင့် ကတော့ သတင်းရေးသားဖော်ပြတာကို အခုလို ကြီးလေးတဲ့ပုဒ်မတွေနဲ့ တရားစွဲတာဟာ သတင်းသမားတွေ၊ သတင်း ဌာနတွေ ရပ်တည်လို့မရအောင် ခြိမ်းခြောက်နေတဲ့သဘောဖြစ်နေတယ်လို့ ပြောပါတယ်။

“အရမ်းကြီးကို စိုးရိမ်စရာဖြစ်သွားတယ်ဗျ။ အခု တရားစွဲဆိုတဲ့ပုဒ်မ ၁၂၄ က ငွေဒဏ်ပါ၊ တစ်သက် တစ်ကျွန်းပါ တခါတည်းချလို့ရတဲ့ပုဒ်မဖြစ်နေတယ်။ ဒီလိုမျိုးပုဒ်မတွေနဲ့ တရားစွဲဆိုတဲ့အခါမှာ အခုလုပ် နေကြတဲ့ သတင်းသမားတွေအနေနဲ့ကလည်း ရှေ့ဆက်ပြီးတော့လုပ်ဖို့ အရမ်းကြီးကို အန္တရာယ်ရှိသွား ပြီပေါ့လေ။ ဒီလိုမျိုးက သတင်းသမားတွေ လုံး၀သတင်းမီဒီယာမှာ ရပ်တည်လို့မရအောင် ခြိမ်းခြောက် နေတဲ့သဘောမျိုး သက်ရောက်တယ်ဗျ”

စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရေးသားဖော်ပြမှုတွေနဲ့ DMG သတင်းဌာန အယ်ဒီတာချုပ် ဦးအောင်မင်းဦး က မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၂)နဲ့ တရားစွဲခံထားရသလို တာဝန်ခံ အယ်ဒီတာဟောင်း ကိုနေဝင်းစံ နဲ့ သတင်းထောက် မနှင်းနွယ် တို့ဟာလည်း ဆက်သွယ်ရေးဥပဒေ ပုဒ်မ – ၆၆ (ဃ)၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) တို့နဲ့ တရားစွဲခံထားရဆဲဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ သတင်းသမားတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ကိုမိုးဇော်မြင့် က ပြောပါတယ်။

DMG သတင်းဌာနရဲ့ ထုတ်ဝေခွင့် တရားဝင်လိုင်စင်ကိုလည်း ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်ကတည်းက အခုအချိန်အထိ သက်တမ်းတိုးလို့မရသေးတာကြောင့် သတင်းထောက်တွေဟာ လွတ်လပ်စွာ သတင်းယူခွင့် မရဘူးလို့လည်း ဆိုပါတယ်။

ရန်ကုန်မြို့မှာနေထိုင်တဲ့ သတင်းစာဆရာ ဦးမြင့်ကျော်ကတော့ သတင်းရေးသားဖော်ပြတဲ့အပေါ်မှာ အခုလို ပုဒ်မမျိုးနဲ့ တရားစွဲတာဟာ သတင်းဌာန ရပ်နားအောင်၊ စစ်တပ်နဲ့ ပတ်သက်တဲ့သတင်းတွေကို မရေးရဲအောင် စစ်ကောင်စီက လုပ်ဆောင်နေတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ဒီ ၁၂၄ က ပုဒ်မမျိုးနဲ့ စွဲထားတာကတော့ ဒါကတော့ သတင်းဌာနတွေ ရပ်နားအောင်လုပ်တဲ့သဘောမျိုး လို့ပဲ ကောက်ချက်ချရမလိုဖြစ်တယ်။ ဒီဟာကတော့ သတင်းသမားတွေ စစ်တပ်နဲ့ပတ်သက်တဲ့ အကြောင်း အရာနဲ့ ပတ်သက်လို့ သတင်းမရေးရဲအောင်လုပ်တဲ့သဘောမျိုးလို့ မြင်ပါတယ်။ ဆိုတော့ဒီအခြေအနေထိ သတင်းလွတ်လပ်မှုက စိုးရိမ်စရာအခြေအနေမှာရှိတယ်။ လွပ်လပ်ခွင့် ရှေ့အလားအလာတွေက ပိုပြီးတော့ စိုးရိမ်စရာအနေအထားမှာရှိတယ်”

အခုလိုကိစ္စတွေမှာ သတင်းမီဒီယာဥပဒေအရ သတင်းမီဒီယာကောင်စီကနေတဆင့် တိုင်ကြားပြီး ဖြေရှင်းနိုင် ပေမဲ့ အခုလိုတန်းပြီးတရားစွဲတဲ့သဘောဟာ လက်ရှိ သတင်းမီဒီယာကောင်စီစနစ် အလုပ်မဖြစ်တော့တဲ့ သဘောဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် သတင်းမီဒီယာ ကိုးခု လိုင်စင်ပိတ်သိမ်းခံထားရပါတယ်။

ဒါ့အပြင် RFA က ပြုစုထားတဲ့ စာရင်းတွေအရ အာဏာသိမ်းထားတဲ့ကာလအတွင်း သတင်းမီဒီယာသမား ၁၂၀ အထိ ဖမ်းဆီးခံခဲ့ရသလို အဲဒီအထဲက ၆၅ ဦး ပြန်လွတ်လာပေမယ့် ကျန်တဲ့သတင်းသမား ၅၅ ဦးကတော့ ဒီနေ့အထိ ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။

https://www.facebook.com/watch/?v=319813556692284

Leave a Reply

Your email address will not be published.