By Western News/ 2022 January 19
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ရခိုင်မှ ဝန်ကြီးဟောင်း ၅ ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် ရခိုင်ပြည်နယ်တရားလွှတ်တော်မှ ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် နှစ်ရှည်ထောင်ဒဏ် အသီးသီးချမှတ်လိုက်သည်။
ယနေ့ ရခိုင်ပြည်နယ်တရားလွှတ်တော် စစ်တွေအကျဉ်းထောင် အထူးတရားရုံးက ဝန်ကြီး ၅ ဦးလုံးအား နှစ်ရှည်ထောင်ဒဏ်အသီးသီးချမှတ်လိုက်သည်ဟု ဦးညီပုနှင့် ဦးမင်းအောင်တို့၏ အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့က Western News ကိုပြောသည်။
“ ဒီနေ့ရုံးချိန်းမှာ ရခိုင်ပြည်နယ် တရားလွှတ်တော် စစ်တွေအကျည်းထောင် အထူးတရားရုံးက အဂတိမှုနှင့် တရားစွဲခံထားရတဲ့ ဝန်ကြီး ၅ ဦးလုံးကို နှစ်ရှည်ထောင်ဒဏ်တွေ အသီးသီးချမှတ်လိုက်ပါတယ်။ အမှု နံပါတ် ၁ မှာပါတဲ့ ဝန်ကြီး ၄ ဦးကို အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်ချလိုက်တယ်။ အမှုနံပါတ် ၂ မှာပါတဲ့ ဝန်ကြီး ၃ ဦးကို အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်ချတယ်။ နောက်ပြီး အမှု နံပါတ် ၃ မှာပါတဲ့ ဝန်ကြီး ၃ ဦးကို အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်ချလိုက်ပြီးတော့ အမှု နံပါတ် ၄ မှာပါတဲ့ ဝန်ကြီးတစ်ဦးကိုတော့ အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ်အသီးသီးချမှလိုက်ပါတယ်”ဟုပြောသည်။
အမှုနံပါတ် ၁၊ ၂၊ ၃ တို့တွင် ဦးညီပု ပါဝင်သောကြောင့် ဦးညီပုတွင် ယခင် ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံတော်ကြည်ညိုပျက်စေမှုတွင် ချုပ်ရက်ခံစားခွင့်ပေးထားသောကြောင့် ဦးညီပုတွင် ယခုအမှု ၃ခုလုံးအတွက် ချုပ်ရက်ခံစားခွင့်မရဘဲ အမှု ၁ တွင်ပါဝင်သည့် နောက်ထပ် ဝန်ကြီး ၃ ဦးအတွက် ချုပ်ရက်ခံစားခွင့်ရှိပြီး အမှု နံပါတ် ၂ နှင့် ၃ အတွက် ချုပ်ရက်ခံစားခွင့်မရှိ အမိန့်ချမှတ်လိုက်သလို အမှု နံပါတ် ၄ တွင် ပါဝင်သည့် ဦးမင်းအောင်မှာ ယခင်ရင်ဆိုင်ခဲ့ရသည့်အမှုများတွင် ချုပ်ရက်ခံစားခွင့်ပေးခဲ့သောကြောင့် ယခုအမှုတွင် ချုပ်ရက်ခံစားခွင့်မရှိဟု သဇင်ဥပဒေပြုအဖွဲ့မှ ထပ်ပြောသည်။
ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် ဝန်ကြီးများမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်အပါဝင် ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ဖြစ်ကြသည်။
အမှု နံပါတ် ၁၊၂၊ ၃ တို့တွင်ပါဝင်သည့် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ ဦးအောင်ကျော်ဇံနှင့် ဦးကျော်အေးသိန်းတို့မှာ အဂတိ မှု ၃ မှုအတွက် ၁ မှုကို ထောင်ဒဏ် ၃ နှစ်စီဖြင့် ၉ နှစ်ချမှတ်လိုက်ပြီး ဦးကျော်လွင်မှာ အမှုနံပါတ် ၁ ၁ မှုတွင်သာပါဝင်သောကြောင့် ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်သလို ဦးမင်းအောင်တို့မှာ အမှုနံပါတ် ၄ အတွက် ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။
အဆိုပါ ဝန်ကြီး ၅ ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ဦးကောင်းဇော်သန့်က အမှု ၄ မှုဖြင့် ရခိုင်ပြည်နယ်တရားလွှတ်တော်တွင် တရားစွဲဆိုထားခြင်းဖြစ်သည်။
ယင်းအမှု ၄ မှုမှ အမှုနံပါတ် ၁ မှာ ဂွမြိုနယ်အတွင်းရှိ ဂုံသောင်းတန်ဖိုးနည်းမြေကွက်များဖော်ဆောင်ရာတွင် ညွှန်ကြားချက်ပါ တင်ဒါစည်းမျဉ်းစည်းကမ်းများဖြင့် ကိုက်ညီမှုမရှိဘဲ ဆက်စပ် ကုမ္ပဏီတစ်ခုကို စာချုပ်ချုပ်ဆိုကာ လုပ်ငန်းဆောင်ရွက်စေခြင်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်မညီဘဲ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ကာ ကုမ္ပဏီကိုငွေကြေးများပေးဆောင်ခြင်း စသည့်အချက်များဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
အမှုနံပါတ် ၂ မှာ အစိုးရပိုင် အဆောက်အဦး ၃ ခုအား ပြည်သူသို့ဌားရမ်းရာတွင် ဥပဒေနှင့် ငြိစွန်းသည်ဟုဆိုကာစွဲဆိုထားခြင်းဖြစ်ပြီး အမှု နံပါတ် ၃ မှာ QC ရန်ပုံငွေ Third party မှ ငွေတချို့အား သတ်မှတ်ဘဏ်အကောင့်တွင်ရှိမနေဘဲ တခြားဘဏ်အကောင့်တွင်ရှိနေသောကြောင့် စွဲဆိုခြင်းဖြစ်သည်။
ယင်းအပြင် အမှုနံပါတ် ၄ မှာ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်က ၎င်းတာဝန်ထမ်းဆောင်စဉ် ပြည်ထောင်စုအစိုးရ၏ ရန်ပုံငွေတွင် ပါဝင်ခြင်းမရှိ၊ ပြည်နယ်လွှတ်တော်၏ ခွင့်ပြုချက်မရှိဘဲ တောင်ကုတ်မြို့မ ဈေးအပါဝင် ဈေး ၅ ဈေးအား တင်ဒါစည်းကမ်းနှင့် မညီဘဲ ငွေကြေးအပိုပေးမှုဖြင့် စွဲဆိုထားခြင်းဖြစ်သည်။
လက်ရှိတွင် ဦးညီပုအပါဝင် ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံ၊ ဦးကျော်လွင်နှင့် ဦးမင်းအောင်တို့အား စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်။
ထို့အပြင် ဝန်ကြီးချုပ်ဟောင်း ဦးညီပုမှာ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) ဖြင့်ထပ်တိုးတရားစွဲခံထားရသလို ဦးမင်းအောင်ကိုလည်း ရာဇသတ်ကြီးပုဒ်မ ၁၃၀(က)အပြင် ရာဇသတ်ကြီးပုဒ်မ ၁၀၉ ဖြင့်လည်း ထပ်တိုးတရားစွဲခံထားရသည်။ ဦးညီပုတွင် နိုင်ငံတော်ကြည်ညိုပျက်စေမှုဖြင့်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရသည်။
https://www.facebook.com/westernnewsagency/posts/449749430164900