By Western News/ 2022 January 14

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများရပ်တန့်နေသည်မှာ ၁ နှစ် ကျော်ခန့်ကြာမြင့်လာပြီဖြစ်သော်လည်း မြန်မာစစ်တပ်ဖက်က ရခိုင်ရှိသမိုင်းဝင်ဘုရား၊ စေတီ၊ ပုထိုးများတွင် လက်ရှိအထိ တပ်စွဲနေရာယူထားဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။
ယင်းကဲ့သို့ စစ်တပ်ဖက်ကတပ်စွဲနေရာယူထားမှုတို့ကြောင့် ဘုရားပွဲတော်များကို ကျင်းပနိုင်ခြင်းမရှိသလို ရပ်နီးရပ်ဝေးမှာ ဒေသခံများကလည်း ဘုရားဖူးမြော်ခွင့်မရရှိကြကြောင်း ဒေသခံများက Western News ကိုပြောသည်။
စစ်တပ်က ကျောက်တော်မြို့ရှိ ကျောက်တော်တောင်ဘုရား၊ မြောက်ဦးမြို့နယ်ရှိ သင်းကျစ်တော်စေတီ၊လင်းမြွေတောင်စေတီအပြင် မြို့ပေါ် အနီးရှိတောင်ပေါ်များနှင့် ဘူးသီးတောင်မြို့နယ်ရှိ သုံးဆယ့်တစ်ဘုံဘုရား၊ မင်းပြားမြို့ရှိ ကျိန်းတောင်စေတီတို့အပါအဝင်သမိုင်းဝင် ဘုရားစေတီများတွင် လက်ရှိအချိန်ထိတပ်စွဲနေရာထားခြင်းဖြစ်သည်။
မြောက်ဦးမြို့ရှိ သမိုင်းဝင်သင်းကျစ်တော်စေတီတော်မှာ ဒီဇင်ဘာလတွင် နှစ်စဉ်ဘုရားပွဲကို စည်ကားစွာကျင်းပလေ့ရှိကြပြီး လက်ရှိတွင် ဘုရားပွဲအပြင် တောင်ပေါ် သို့ဘုရားဖူးခွင့်မရသည်မှာ ၃ နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ပေါက်တောပြင်ကျေးရွာသားတစ်ဦးကပြောသည်။
“ဘုရားပွဲမကျင်းပရတာ ၂၀၁၈ ခုနှစ်ကစပြီး မကျင်းပရတော့ဘူး။ ဘုရားဖူးခွင့်လည်း အဲ့ဒီအချိန်ကတည်းက ခုထိမရဘူး။ သူတို့က တောင်ပေါ်မှာ တက်စွဲထားတော့ ဘုရားဖူးတွေလည်းမလာကြဘူး။ ရပ်ဝေးကနေလာတဲ့ သူတွေကိုလည်း သူတို့ကတားတယ်။တက်ခွင့်မပေးဘူး ။ ခုလည်းစစ်တပ်က သင်းကျစ်တောင်ပေါ်မှာကော၊ ရွာအနီးကတောင်မှာကော ပြီးတော့ရွာထဲက ဘုန်းတော်ကြီးကျောင်းမှာကော ၃ နေရာတောင်တပ်စွဲထားပါတယ်” ဟုပြောသည်။
တိုက်ပွဲများကြောင့်နှင့် ယင်းကဲ့သို့ စစ်တပ်ဖက်က တပ်စွဲနေရာယူထားမှုအပေါ် ပေါက်တောပြင်ကျေးရွာသားအများစုမှာ ၂၀၁၉ ခုနှစ်ကတည်းကစစ်ဘေးရှောင်စခန်းများတွင် လက်ရှိအထိ ခိုလှုံနေကြရဆဲဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။
ယင်းပြင် သမိုင်းဝင်ကျောက်တော်တောင်ပေါ်တွင်လည်း စစ်တပ်ကတပ်စွဲထားသည့်ဖြစ်ဆဲဖြစ်သောကြောင့် ဘုရားဖူးခရီးသည်များ လွတ်လပ်စွာ ဘုရားဖူးခွင့်မရသလို ဘုရားဖူးခရီးသည်လာရောက်မှု နည်းလာသည့်အတွက် တောင်ပေါ်မှ မျောက်ကလေးများမှာလည်း အစာရှားပါးမှုနှင့် ကြုံနေရသည်ဟု ကျောက်တော်ဒေသခံ ကိုမြတ်စိုးမင်းကပြောသည်။
” တောက်ပေါ်မှာ ကတုတ်ကျင်းတွေနဲ့ လုပ်ထားတယ်။ ဘုရားသိမ်တွေမှာနေတယ်။ ဘုရားဖူးတွေလည်း လာရင်လည်းအရိပ်တကြည့်ကြည့်နဲ့ လွတ်လွတ်လပ်လပ်ဘုရားဖူးခွင့်မရကြပါဘူး။ သူတို့တပ်စွဲထားတော့ ဘုရားဖူးတွေလည်းနည်းလာတယ်။ ဘုရားဖူးနည်းလာတော့ ရှိတဲ့မျောက်ကလေးတွေ တောင်အောက်ဆင်းပြီး လမ်းမပေါ်တက် တောင်းစားကြရတယ်”ဟုပြောသည်။
ဘူးတောင်မြို့နယ်ရှိ သုံးဆယ်တစ်ဘုံ သမိုင်းဝင်ဘုရားတွင်လည်း တပ်စွဲထားမှုကြောင့် ဘုရားဖူးခွင့် မရရှိသလို အနီးအနားရှိကျေးရွာပေါင်း ၁၀ နီးပါးခန့်မှာလည်း စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်ဟု ရွှေကျင်ဆရာတော်ကြီးကမိန့်သည်။
“စိုင်းဒင်တံတားကနေ စစ်တပ်ဖက်က လုံခြုံရေးတင်း ကြပ်ထားတယ်။ သုံးဆယ့်တစ်ဘုံက စိုင်းဒင်နဲ့အနီးလေးပဲ။ အရင်ကဆိုရင် ဘုရားဖူးရင်းနဲ့စိုင်းဒင်ရေတံခွန်ကိုပါ လာကြတယ်။ ခုတော့ သုံးဆယ့်တစ်ဘုံဖက်ကို ဘုရား ဖူးခွင့်မရတာ ၂၀၁၉ ခုနှစ်လောက်ကတည်းကပဲ။ စိုင်းဒင်ကိုတော့ သွားလို့ရတယ်ပေါ့။ သုံးဆယ့်တစ်ဘုံဘုရား အနီးကရွာပေါင်း ၁၀ နီးပါးလည်း ခုထိ စစ်ဘေးရှောင် နေကြရတုန်းပဲ။လယ်ယာမြေတွေလည်း အဲ့ဒီအတိုင်းပဲ”ဟုမိန့်သည်။
ယင်းပြင် သမိုင်းဝင်မင်းပြားကျိန်းတောင် စေတီတော်တွင်လည်း စစ်တပ်ကတပ်စွဲထားဆဲဖြစ်သည်။ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AAတို့ ၂၀၁၈ ခုနှစ်နောက်ပိုင်း တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားပြီးနောက်ပိုင်း စစ်တပ်ဖက်က ရခိုင်ရှိသမိုင်း ဘုရားစေတီများတွင် ၂၀၁၉ ခုနှစ်ကစကာ တပ်စွဲနေရာယူ ထားခဲ့ကြသည်။
ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ ၂၀၁၈ခုနှစ်နောက်ပိုင်း တိုက်ပွဲများပြင်းပြင်း ထန် ထန်ဖြစ်ပွားပြီးနောက်ပိုင်း စစ်တပ်ဖက်က ရခိုင်ရှိသမိုင်း ဘုရားစေတီများတွင် ၂၀၁၉ ခုနှစ်ကစကာ တပ်စွဲနေရာယူ ထားခဲ့ကြသည်။
ရက္ခိုင့်တပ်တော် AA သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထားခြင်းမရှိသော်လည်း ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ နှစ်ဖက် အပြန်အလှန်နားလည်ဖြင့် တိုက်ပွဲများရပ်တန့်နေသည်မှာ လက်ရှိအထိ ၁ နှစ်ကျော်ကြာရှိနေသည်။
တိုက်ပွဲများရပ်တန့်နေပြီဖြစ်သည့်အတွက် စစ်တပ်ဖက်က တပ်စွဲထားမှုကို ပြန်လည်ရုပ်သိမ်းပြီး ဘုရားဖူးခွင့် ရရှိဖို့ ဒေသခံများကလိုလားနေကြသည်။
သမိုင်းဝင် ဘုရားစေတီများတွင် တပ်စွဲနေရာယူထားမှု နှင့်ပတ်သတ်၍ ရခိုင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို Western News က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း လက်ခံမဖြေကြားခြင်းမရှိခဲ့ပေ။
https://www.facebook.com/westernnewsagency/posts/446796640460179