ရခိုင်မှ ဆရာတော်ကြီးများနှင့် သီလရှင် (၁၈)ပါး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခံရ

By Narinjara/ 2022 January 5

အေးမြတ်ခိုင်

ရခိုင်မှမြောက်ဦးဆရာတော်ကြီးအပါအဝင် ဆရာတော်ကြီးများနှင့် သီလရှင် (၁၈) ပါးကို ယခုနှစ်လွတ်လပ်ရေးနေ့တွင် နစကကောင်စီက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပ်နှင်းလိုက်ကြောင်း သတင်းရရှိသည်။

ရခိုင်မှ ဆရာတော်ကြီးများနှင့် သီလရှင် (၁၈)ပါးကို သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ အသီးသီးဆက်ကပ်အပ်နှင်းလိုက်သည်ဟု ဇန်နဝါရီလ ၄ ရက်က နစကကောင်စီပိုင်သတင်းစာတွင်ဖော်ပြထားသည်။

ဆက်ကပ်ခံရသည့်ဘွဲ့တံဆိပ်တော်များအနက် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်၊ ဘုရားကြီးကျောင်းတိုက်မှ ဘဒ္ဒန္တပဏ္ဏဝ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ရမ်းဗြဲမြို့နယ် မကျည်းကျွန်းမြောက်ကျောင်းမှ ဘဒ္ဒန္တသာသန နှင့် စစ်တွေမြို့ ပညာလင်္ကာရကျောင်းတိုက်မှ ဘဒ္ဒန္တနာဂိန္ဒ၊ မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ကို စစ်တွေမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းမှ ဘဒ္ဒန္တဝရဇောတိနှင့် ဒက္ခိဏာရာမစာသင်တိုက်မှ ဘဒ္ဒန္တမေဃိယ၊ ဂန္တဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ကို မင်းပြားမြို့၊ ရတနာ့ဗိမာန်စာသင်တိုက်မှ ဘဒ္ဒန္တဝိလာသနှင့် သံတွဲမြို့နယ် ဓမ္မဂုဏ်ရည်စာသင်တိုက်မှ ဘဒ္ဒန္တပညာသီရိ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ကို သံတွဲမြို့ သီရိမင်္ဂလာမြို့ဦးကျောင်းတိုက်မှ ဘဒ္ဒန္တရေဝတ နှင့် မအီမြို့၊ ရတနာ့မာရ်အောင်တောရ ဓမ္မရိပ်သာကျောင်းတိုက်မှ ဘဒ္ဒန္တဝါယာမိန္ဒ၊ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တော်ကို ရမ်းဗြဲမြို့၊ ဗဟန္တောင်ကျောင်းတိုက်မှ ဘဒ္ဒန္တဓမ္မသိရီ ၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာကျောင်းတိုက် ဘဒ္ဒန္တသီလာစာရ နှင့် သံတွဲမြို့နယ် ညောင်ပင်သာကျေးရွာ၊ သုခဝတီပရိယတ္တိစာသင်တိုက် မှ ဘဒ္ဒန္တစန္ဒိမာ၊ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ကို တောင်ကုတ်မြို့နယ်၊ ရန်ခေါ်ကျေးရွာ၊ အာသောကာရုံကျောင်းတိုက်မှ ဘဒ္ဒန္တကောသလ္လ၊ အမ်းမြို့နယ်၊ မဲတောင်ခြေကျေးရွာ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းမှ ဘဒ္ဒန္တသုမန၊ ပုဏ္ဏားကျွန်းမြို့နယ် ဘဲငါးရာကျေးရွာ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းမှ ဘဒ္ဒန္တရဌဗလနှင့် စစ်တွေမြို့၊ ခေမာသီဝံသီလရှင်သာသနာပြုကျောင်းမှ သီလရှင်ဆရာကြီးဒေါ် သုဓမ္မစာရီတို့ ဆက်ကပ်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ဂွမြို့ အေးမြရိပ်မွန်မင်္ဂလာမဂ္ဂင်ဓမ္မရိပ်သာကျောင်းတိုက်မှ ဘဒ္ဒန္တဂဏိဿရက မဟာကမ္မဌာနာစရိယဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခြင်းခံရပြီး ကမ္မဌာနာစရိယဘွဲ့တံဆိပ်တော်ကို မြောက်ဦးမြို့၊ ရတနာမာရ်အောင်တောရဓမ္မရိပ်သာကျောင်းတိုက်မှ ဘဒ္ဒန္တသူရိန္ဒက လက်ခံရရှိကြောင်း သိရသည်။

ယခုကဲ့သို့ ဆရာတော်ကြီးများဘွဲ့ချီးမြင့်ခံရသည့်အပေါ် သံတွဲဒေသခံ ဦးထွန်းသန့်ကျော်က “ရသင့်ရထိုက်တဲ့ဆရာတော်တွေရတာတော့ ကောင်းတာပေါ့နော်။ တကယ်လုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေလည်း ကျန်ခဲ့တာပဲ။ ဘယ်လိုအတိုင်းအတာနဲ့ပေးလည်းမသိပေမယ့် ကိုယ့်မြို့၊ ကိုယ့်ဒေသကဆရာတော်ကြီးတွေရတော့ ဝမ်းသာပါတယ်”ဟု ပြောသည်။

ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာထောက်ပံ့လှူဒါန်းနေကြသည့် ပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို နှစ်စဉ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့တွင် ဂုဏ်ပြုကြေညာလေ့ရှိပြီး ဘွဲ့တံဆိပ်တော်ဆက်ကပ်ပွဲကို တပေါင်းလတွင် ကျင်းပလေ့ရှိကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/5065801493431887

Leave a Reply

Your email address will not be published.